တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

တောထဲဟင်းရှာသွားရာမှ မိုင်းနင်းမိ၍ ကျိန္တလီတွင်လူငယ်တစ်ဦးသေဆုံးပြီး ပုဏ္ဏားကျွန်းတွင် လူငယ်တစ်ဦး ခြေနှစ်ဖက်လုံး ပြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 631

ကံ့ကော်နီနီ၊ ဆလိုင်းမိုးအောင်နိရဉ္စရာ၊ ဇူလိုင် ၂၄/ ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့က လူငယ်တစ်ဦး တောထဲဟင်းရှာသွားစဉ် မိုင်းနင်းမိပြီး သေဆုံး သွားခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း မျှစ်ရှာသွားသည့် လူငယ်တစ်ဦး မိုင်းနင်းမိ၍ ခြေနှစ်ဖက်စလုံး ပြတ်ထွက်သွားသည်ဟု သတင်းရရှိသည်။

ကျိန္တလီမြို့ မှ သေဆုံးသွားသူမှာ အမှတ်(၂) ရပ်ကွက်မှ ကိုမောင်ပေါက်ကျိုင်း(၂၈)နှစ် ကလေး၃ ယောက်၏ ဖခင်ဖြစ်ကြောင်းသိရသည်။

သူသည် တစ်ရက်ကွက်တည်းနေသူအမျိုးသားတစ်ဦးနှင့်အတူ ယနေ့ဇူလိုင်လ ၂၄ ရက်၊ မနက်ပိုင်းက ကျိန္တလီမြို့အနီး သဖန်းကွင်းအနောက်ဘက်ကြော တောထဲတွင် တညှင်းသီး(ဒညှင်းသီး) ခူးရန်သွားရောက်ပြီး အပြန်တွင် မိုင်းနင်းမိကာသေဆုံးခဲ့ကြောင်း ကျိန္တလီမြို့ခံတစ်ဦးကပြောသည်။

" အခုမနက်ပိုင်းမှာပဲ သူတို့တညှင်းသီးခူးဖို့သွားကြတာ။ သဖန်းကွင်းအနောက်ဘက်ကတောင်တွေမှာ သွားခူးကြတာ။ ပြန်လာတဲ့အချိန်မှာမိုင်းနင်းမိပြီးသူ(ကိုပေါက်ကျိုင်း)ဆုံးတာ။ ကျန်တဲ့ တယောက်ကဘာမှမဖြစ်ဘူး" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

စစ်ပွဲကာလအကြပ်အတည်းများကြား မိသားစုစားဝတ်နေရေးဖြေရှင်းနိုင်ရန်ဟင်းရှာသွားရာမှ မိုင်းနင်းမိကာ သေဆုံးသွားရခြင်းဖြစ်သည်။


သေဆုံးသွားသူ ကိုမောင်ပေါက်ကျိုင်းတွင် အရွယ်မရောက်သေးသည့် ကလေးငယ်သုံးဦး ကျန်ရစ်ခဲ့သလို ဇနီးသည်ထံတွင်လည်း ကိုယ်ဝန်အရင့်အမာတစ်ခုကျန်ရစ်ခဲ့ကြောင်း အဆိုပါ ကျိန္တလီမြို့ခံကပြောသည်။

" မိသားစုစားဝတ်နေရေးကြောင့်ပေါ့ဗျာ။ အခုကပင်လယ်ကိုလည်း ငါးဖမ်းမထွက်ရဘူးလို့ တရားဝင်ကြော်ညာထားတော့ ဘယ်သူမှလည်းမထွက်ရဲဘူး။စစ်ပွဲကဖြစ်။ဒေသကမတည်ငြိမ်။ ပြည်သူတွေ စားဝတ်နေရေးခက်ခဲလာတယ်။ အခုသေသွားတဲ့သူမှာ ဆိုရင် ဘုစုခရု အရွယ်ကလေးသုံးယောက်ကျန်ခဲ့တယ်။ မိန်းမလုပ်သူမှာလည်း ကိုယ်ဝန်အရင့်အမာနဲ့ကျန်ခဲ့တယ်" ဟု နိရဉ္စရာသို့ပြောသည်။

ကျိန္တလီမြို့တွင် ဇူလိုင်လ ၂ ရက်နေ့က ဒေသခံတစ်ဦးတောထဲဟင်းရှာထွက်စဥ် မိုင်းနင်းမိပြီး ခြေထောက်ပြတ်တောက်သွားသလို ဇူလိုင်လ ၈ ရက်ကလည်း ဟင်းရှာသွားသည့် မြို့ခံတစ်ဦး မိုင်းနင်းမိပြီးခြေထောက်ပြတ်တောက်ခဲ့သည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်တွင် မျှစ်ရှာသွားရာမှ မိုင်းနင်းမိ၍ လူငယ်တစ်ဦး ခြေနှစ်ဖက်စလုံး ပြတ်ထွက်သွားသည်ဟု သတင်းရရှိသည်။

၎င်းလူငယ်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် မောင်ဇွဲအောင်အောင်ဖြစ်သည်ဟု သိရသည်။

မောင်ဇွဲအောင်အောင်မှာ ယမန်နေ့ ဇူလိုင်လ ၂၃ ရက်၊ နံနက် ၉ နာရီခန့်က ရွာအနောက်ဘက်ရှိ တောင်ပေါ်တွင် ကျေးရွာသားများနှင့်အတူ မျှစ်ရှာသွားရာမှ စစ်ကောင်စီတပ်က ထောင်ထားခဲ့သည့် မိုင်းကို နင်းမိခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင် ကျေးရွာမှ ကျေးရွာသားတစ်ဦးက ပြောသည်။

"ခြေနှစ်ဖက်စလုံးပြတ်ထွက်သွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ မျှစ်သွားချိုးတဲ့ တောင်ပေါ်တစ်လျှောက်မှာ အရင်က စစ်ကောင်စီတပ်က တပ်စခန်းချပြီး နေခဲ့တာ"ဟု ပြောသည်။

လက်ရှိတွင် မိုင်းနင်းမိ၍ ခြေနှစ်ဖက်ပြတ်ထွက်သွားသည့် မောင်ဇွဲအောင်အောင်မှာ အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်တွင် အသက်အန္တရာယ်ထိခိုက်စေသော မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ငါးရှာ၊ ဟင်းခူး၊ ဝါးခုတ်သွားသည့် ဒေသခံပြည်သူများမှာ နေ့စဥ်ရက်ဆက်ဆိုသလို မြို့နယ်အသီးသီးတွင် ဖြစ်ပွားနေ၍ မိုင်းအသိပညာပေးများပြုလုပ်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ