တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

သံတွဲ-ဂွ ကားလမ်းပေါ်ရှိ ချင်းကွင်း (ကျိန္တလီ) တံတားအား မိုင်းခွဲဖျက်ဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၂၄ / ၂၀၂၄

ရခိုင်တောင်ဘက်ပိုင်း သံတွဲမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် သံတွဲကနေ  ဂွမြို့သို့ အာရက္ခတပ်တော် ( AA) တပ်ဖွဲ့ဝင်များ ချီတက်လာမည်ကို စိုးရိမ်သဖြင့် သံတွဲ- ဂွ ကားလမ်းပေါ်ရှိ ကျိန္တလီမြို့အနီးမှ  ချင်းကွင်းတံတားကို စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

၎င်းချင်းကွင်းတံတားကို စစ်ကောင်စီမှ ဇူလိုင် ၂၄ ရက်နေ့ညနေပိုင်းတွင် မိုင်း ခွဲဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ အရင်ကတော့ လမ်းမကြီးကနေ ကွင်းဝိုင်းရေတပ်ကိုဝင်တဲ့ တံတားတွေပဲ ချိုးဖျက်ခဲ့တာ။ အခုက သံတွဲ-ဂွလမ်းပေါ်က တံတားကို ချိုးဖျက်ပစ်တာ။ ကျိန္တလီက ခံစစ်တောင် အခု ဂွကိုဆုတ်နေရတဲ့အနေအထားဆိုတော့။ အေအေတွေ မဝင်လာနိုင်အောင် ချင်းကွင်း တံတားချိုးလိုက်ပြီ။  သံတွဲကလူတွေ ရန်ကုန်ကိုသွားဖို့ မလွယ်တော့ဘူး။ ဂွကို ရောက်ဖို့လည်း ခက်သွားပြီ။ အဓိက အေအေ ဝင်လာတော့မှာသိလို့ကြောက်နေတာ” ဟု ဒေသခံတစ်ဦးမှပြောသည်။

အဆိုပါတံတားသည် သံတွဲဘက်မှလာရောက်လျှင် ပုန်းညှက်ကျေးရွာအလွန်တွင်တည်ရှိပြီး သံကူ ကွန်ကရစ်တံတား တစ်စင်းဖြစ်ပြီး အရှည်ပေ ၆၀ ခန့် ရှိကြောင်း သိရသည်။

သံတွဲ- ဂွ နှင့် ဧရာ၀တီတိုင်း ငသိုင်းချောင်းမှ ရန်ကုန်ထိ ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် တည်ရှိသဖြင့်  ဒေသတွင်း ကျန်းမာရေးနှင့်ကူးသန်းရောင်းဝယ်ရေးအတွက်အရေးပါသော တံတားဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“ ဒီတတံတားက လောလော ဆယ်စစ်ဘေးရှောင်တွေ ရန်ကုန်တို့ ဂွတို့ဘက်ကို စစ်ရှောင်တာမှာအရေးပါတဲ့ တံတား။ နောက်ပြီးတော့ ဒေသခံတွေအတွက်ဆန်နဲ့စားနပ်ရိက္ခာ သယ်နေရတာလေ၊ အရေးပေါ် လူနာတွေအတွက်လည်းခက်ခဲသွားပြီ” ဟုဒေသခံတစ်ဦးမှပြောသည်။

အာရက္ခတပ်တော်မှ သံတွဲ နှင့် ငပလီမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး ထိုးစစ်မှာ ဂွမြို့နယ်ဘက်သို့ထိ ကျယ်ပြန့် ရောက်ရှိလာသဖြင့် စစ်ကောင်စီမှ ဂွမြို့အထိ ရောက်ရှိမလာရန် မြေမြှုပ်မိုင်းများ ထောင်ခြင်း၊ လမ်းတံတားများ ဖျက်ဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

သံတွဲမြို့နယ်တွင် နောက်ဆုံးလက်ကျန် အခြေစိုက်စခန်း ကွင်းဝိုင်းရေတပ်ကို ခံစစ်အတွက် စစ်ကောင်စီက ပြင်ဆင်မှုများ ပြုလုပ်နေပြီး ဇလွန်ကျေးရွာ လမ်းခွဲမှ ရေတပ်အဝင် ကားလမ်းပေါ်ရှိ တံတားများကိုလည်းဇူလိုင် ၁၉ ရက်နေ့တွင် စစ်ကောင်စီက ဖျက်ဆီးပစ်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည် သံတွဲမြို့နှင့် ကျိန္တလီ မြို့အကြား၊ သံတွဲမှ တောင်ဘက် မိုင် ၂၀ အကွာ ကျောက်ကြီးဘက်တွင် ဇူလိုင် ၂၂ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးယခု ဇူလိုင် ၂၄ရက်တွင် စစ်ကောင်စီမှ ချင်းကွင်းတံတားအား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!