နိရဥ္စရာ၊ ဇူလိုင် ၂၅/ ၂၀၂၄
ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးဆက်တိုက်ရွာ သွန်းသောကြောင့် သံတွဲမြို့ ဒွါရာ၀တီမြို့သစ် အပါအဝင် မြေနိမ့်ပိုင်းရပ်ကွက်များတွင်ချောင်းရေများဝင်လာပြီး ရေနစ်မြုပ်နေသဖြင့်စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ရာတွင် အခက်အခဲကြုံနေ၇ကြောင်း ဒေသခံများကပြောသည်။
ဇူလိုင် ၂၄ရက်မှစတင်ကာ ချောင်းရေများတက်လာပြီ ဇူလိုင် ၂၅ ရက်နေ့တွင် ဒွါရာ၀တီမြို့သစ် ၊ သံတွဲမြို့ နံတော်ပြင်ပိုင်း၊နတ်ပြင်ကျေးရွာ၊ ခြံပြင်ကျေးရွာ၊လက်ပံစု၊ တော်ရော်တော ရွာဟောင်း တို့တွင် ချောင်းရေများနစ်မြုပ်နေပြီး ပြည်သူများသွားရေးလာရေး ခက်ခဲနေကြောင်း သိ၇သည်။
“ အခု လက်ရှိကတော့ လက်ပံစုနဲ့ခြံပြင်ကြားမှာ ရေစီးတော်တော်သန်နေတာ ဖြတ်ကူးလို့မရဘူး၊ နောက် အံတော်ရွာထဲနဲ့ ဒွါရာ၀တီမြို့သစ် မှာရေတက်တာမြန်တယ်။အိမ်တချို့မြုပ်နိုင်တယ်။ စစ်ဖြစ်နေတဲ့ ကြားထဲရေပါကြီးနေတော့ တပူပေါ် တစ်ပူဆင့်ပေါ့ ခက်ခဲကြတယ်”ဟုဒေသခံတစ်ဦး မှပြောသည်။
ထိုသို့ချောင်းရေ တက်လာသဖြင့် ဒေသခံစစ်ရှောင်များအတွက် အရေးပေါ်စားနပ်ရိက္ခာလှူဒါန်းရန် စီစဉ်ထားသောနေရာ အချို့ကို ချောင်းရေတက်လာသဖြင့်သွားလာ၍ မရတော့ကြောင်း စစ်ရှောင်ကူညီသူများထံမှသိ၇သည်။

“ မိုးဆက်တိုက်ရွာတာ ၃ရက်လောက်ရှိပြီ။သံတွဲက ၄ နှစ်တခါရေကြီးတယ်။ပျိုးခင်းတွေ ရေမြုပ်နေတယ်။လယ်တချို့မြုပ်တယ်။စစ်ရှောင်တွေသွားရေးလာရေးစားသောက်ရေးခက်ပါတယ်” ဟု စစ်ရှောင်ကူညီနေသူတစ်ဦးကဆိုသည်။
သံတွဲချောင်းဖျားတောင်တန်းများတွင် မိုးကြီးနေသောကြောင့် သံတွဲမြို့ပတ်ဝန်ကျင်ရှိ ပြည့်ချောင်း၊သံတွဲချောင်း၊သူဌေးချောင်းတို့တွင် ချောင်းရေများလျှံတက်လာကာ ပင်လယ်တွင်လည်း ရေများ ပြည့်လျှံနေကြောင်းသိ၇သည်။
သံတွဲမြို့အား စစ်ကောင်စီမှ ဖုန်းလိုင်းများဖြတ်တောက်ထားပြီး လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲခြင်းများလုပ်ဆောင်လျက်ရှိရာပြည်သူတချို့ပျောက်ဆုံးကာ အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်းသိ၇သည်။

ပုံစာ - သံတွဲမြို့တွင် ချောင်းရေတက်လာသည်ကို ဇူလိုင်လ ၂၄ ရက်နေ့ညနေပိုင်းကတွေ့၇စဉ်။ဓာတ်ပုံ-Ashin Oketra