တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကုတ်မြို့ပေါ်​ရပ်ကွက်များအတွင်းသို့ ချောင်းရေဝင်၍ နစ်မြုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 660

 ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ ဇူလိုင်၂၅ / ၂၀၂၄

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေလျှံတက်ကာ တောင်ကုတ်မြို့ပေါ် ရပ်ကွက်များအားလုံး ချောင်းရေနစ်မြုပ်နေကြောင်း သိရသည်။

ချောင်းရေမှာ တဖြည်းဖြည့် မြင့်တက်လာသဖြင့် စိုးရိမ်စရာအခြေအနေရောက်လာနိုင်ကြောင်း ဒေသခံ မြို့ခံ တစ်ဦးက ပြောသည်။

" မိုးအဆက်မပြတ်ရွာနေတာ လွန်ခဲ့တဲ့သုံးရက်လောက်ကပဲ။ မနေ့ကတစ်နေ့လုံးနဲ့ အခု မနက်ပိုင်းမှာလည်း မိုးတအားကြီးပြီးတော့ ရပ်ကွက်ထဲချောင်းရေတွေဝင်လာတာ။ အခုလည်း ပိုပြီးရေကတက်လာနေတယ် " ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကပင် မိုးအဆက်မပြတ်ရွာသွန်းနေရာ ယနေ့ဇူလိုင်လ ၂၅ ရက် မနက်အစောပိုင်းက တောင်ကုတ်မြို့ပေါ် ချောင်းကောက်ရပ်ကွက်အပါအဝင်အနိမ့်ပိုင်းရပ်ကွက်များမှာ ချောင်းရေ ဝင်ရောက်နစ်မြုပ်ခဲ့ကြောင်း ချောင်းကောက်ရပ်ကွက် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ပန်းတောင်း-တောင်ကုတ် လမ်းမကြီးတစ်ခုကလွဲလျှင် တောင်ကုတ်မြို့ပေါ် ရပ်ကွက် များအားလုံးနီးပါး ချောင်းရေနစ်မြုပ်နေကြောင်း မြို့ခံများကပြောသည်။


"အခုလောလောဆယ် မြို့ရဲ့သင်္ဘောဆိပ်လမ်းမကြီး(ပန်းတောင်း-တောင်ကုတ်လမ်းမကြီး) တစ်ခုပဲရေလွတ်တယ်။ ကျန်တဲ့ရပ်ကွက်တွေအကုန်မြုပ်နေတယ်" ဟု တောင်ကုတ်မြို့ခံ တစ်ဦးကပြောသည်။

တောင်ကုတ်မြို့ပေါ်ရပ်ကွက်များတွင် အိမ်ကိုထားရစ်ကာ စစ်ဘေးရှောင်နေသည့်မြို့ခံ အများအပြားရှိပြီး အဆိုပါအိမ်များမှာ ရေနစ်မြုပ်လျက်ရှိ​ကြောင်း သိရသည်။

လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်းနေဆဲဖြစ်သလိုဒီရေတက်ချိန်နှင့်အတူ ရေဆက်လက် ပြည့်လျှံလာနိုင်၍ ကူညီကယ်ဆယ်ရေးအခြေအနေများ လိုအပ်လာနိုင်ကြောင်း တောင်ကုတ် မြို့ခံများကပြောသည်။

တောင်ကုတ်မြို့တွင် သိမ်တောင်၊ဂူတာ၊ကိုင်းရှည်၊ချောင်းကောက်၊ကံပိုင် စသည့် မြို့ပေါ် ရပ်ကွက်ကြီးများ ရှိပြီး အဆိုပါရပ်ကွက်များနှင့်တွဲလျက် ရပ်ကွက်ငယ်များလည်းရှိသည်။

ဆက်စပ် သတင်းများ