(ရခိုင်တွင်မိုင်းအန္တရာယ်အလွန်ကြီးမားလာ)
ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ဇူလိုင် ၂၅/ ၂၀၂၄
ရခိုင်ပြည်၊မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်ကထောင်ထားခဲ့သည့်စစ်ကျန်မိုင်းကိုနင်းမိ၍ မျှစ်ချိုးသွားသည့် အမျိုးသားတစ်ဦးညာဘက်ခြေပြတ်ထွက်သွားသည်ဟု သတင်းရရှိသည်။
စစ်ကျန်မိုင်းကိုနင်းမိ၍ ညာဘက်ခြေပြတ်သွားသူမှာမင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ ငှက်တော်ရရပ်ကွက်မှအသက်(၃၀)အရွယ် ကိုထွန်းနိုင်စိုးဖြစ်သည်။
ကိုထွန်းနိုင်စိုးမှာယမန်နေ့ ဇူလိုင်လ ၂၄ ရက်၊နေ့လယ် ၁ နာရီကျော်ခန့်က ပန်းမြောင်းကျေးရွာနှင့် ၂ မိုင်ခန့်ကွာဝေးသည့် တောင်ဖြူတောင်တောင်တန်းတွင် မျှစ်ချိုးသွားစဉ် မိုင်းနင်းမိခြင်းဖြစ်သည်ဟုပန်းမြောင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
"ညာဘက်ခြေ ခြေမျက်စိနားကနေ ပြတ်သွားတယ်။ သူတို့မိသားစုကနွမ်းပါးတယ်။ စားဝတ်နေရေးအတွက် မျှစ်သွားချိုးရင်းစစ်တပ်ကထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းကို နင်းမိခဲ့တာပါ" ဟု ပြောသည်။
လက်ရှိတွင်ကိုထွန်းနိုင်စိုးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် မြောက်ဦးမြို့နယ်အတွင်းရှိဆေးရုံတစ်ခုတွင် အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟု
ကိုထွန်းနိုင်စိုးတွင်သားသမီး ၂ ဦးရှိသည်ဟုလည်း သိ၇သည်။
ယခုမိုင်းပေါက်ခဲ့သည့် တောင်ဖြူတောင်တွင် စစ်ကောင်စီတပ်ကပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက တပ်စွဲစခန်းချကာနေထိုင်ခဲ့ပြီး တပ်စွဲစခန်းချခဲ့သည့်တောင်တန်းတစ်လျှောက်တွင်မိုင်းထောင်ထားခဲ့ခြင်းဖြစ်သည်
ယမန်နေ့ဇူလိုင်လ ၂၃ ရက်နေ့၊ မနက်ပိုင်းကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ်(၂)ရပ်ကွက်မှ ကလေး ၃ ဦး၏ ဖခင်ကိုမောင်ပေါက်ကျိုင်း (၂၈)နှစ်သည်ဒညင်းသီးသွားခူးရာမှ မိုင်းနင်းမိပြီးသေဆုံးခဲ့သည်။
အလားတူယမန်နေ့နံနက် ၉ နာရီခန့်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ပေါက်တောပြင်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် မောင်ဇွဲအောင်အောင်မှာကျေးရွာအနောက်ဘက်ရှိ တောင်ပေါ်၌ မျှစ်ရှာသွားရာမှ စစ်ကောင်စီတပ်က ထောင်ထားခဲ့သည့်စစ်ကျန်မိုင်းကို နင်းမိ၍ ခြေနှစ်ဖက်ပြတ်သွားခဲ့သည်။
ရခိုင်တွင်ဒေသခံအများစုမှာ တောတောင်ကိုမှီခိုကာ လုပ်ကိုင်စားသောက်နေရပြီး ကျေးလက်ဒေသခံများမှာ ရွာနီးစပ်နားရှိ တောတောင်များတွင်ငါးရှာ ဟင်းခူးသွားရာမှ နေ့စဥ်ရက်ဆက်ဆိုသလိုမကြာခဏ မိုင်းနင်းမိ၍ ထိခိုက်သေဆုံးမှုများရှိနေကြသည်