တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် နေအိမ်များဖောက်ထွင်းမှု စစ်ကောင်စီတပ်သားများကိုယ်တိုင်ကျူးလွန်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

စောရှင်မေ၊ နိရဉ္စရာ၊ ဇူလိုင် ၂၅/ ၂၀၂၄

ရခိုင်ပြည်မြို့တော် စစ်တွေရှိ နေအိမ်များကို ဖောက်ထွင်း ခိုးယူမှုများကို စစ်ကောင်စီ တပ်သားများကိုယ်တိုင် ၎င်းတို့၏ အပေါင်းအပါများနှင့် အတူ ကျူးလွန်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ စစ်တွေမြို့တွင်  အရပ်သားပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်မှုများကြောင့် ပြည်သူများစစ်ဘေးရှောင်နေခြင်း၊ မိမိအိုးအိမ်ကို စောင့်ရှောက်ရန် ကျန်နေခဲ့သည့် ပြည်သူအများစုမှာလည်း တဖြည်းဖြည်းနှင့် မြို့ကိုစွန့်ခွာနေကြရသည်။

ယခုကဲ့သို့ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရစဉ် စစ်ကောင်စီတပ်သားများသည် ပြည်သူများပိုင်ဆိုင်သည့် အိုးအိမ်ဥစ္စာပစ္စည်းများအား မစောင့်ရှောက်နိုင်သည့် အပြင် သူတို့ကိုယ်တိုင်ဦးဆောင်ကာ မင်းမဲ့စရိုက်ဆန်ဆန်ဖြင့် နေအိမ်များအား ဖောက်ထွင်းမှုများကို ကျူးလွန်နေကြသည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် စစ်တွေမြို့ရှိ အရပ်သားပိုင်ကုမ္ပဏီများမှ ဝန်ထမ်းများကို ဖမ်းဆီးကာ ကုမ္ပဏီရှိပစ္စည်းများကိုပါ ဖောက်ထွင်းယူဆောင်နေကြသည်ဟုလည်း သိရသည်။

စစ်တွေမြို့မှ အမည်မဖော်လိုသည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးက ၄င်းတို့၏လုပ်ငန်းပိုင်ပစ္စည်းများကို စစ်ကောင်စီတပ်သားများကိုယ်တိုင် လက်နက်အားကိုးဖြင့် ဝင်ရောက်ခိုးယူဖောက်ထွင်းသွား၍ ကုမ္ပဏီပိုင်ပစ္စည်းများမှာလည်း မရေတွက်နိုင်အောင်ဆုံးရှုံးသွားခဲ့သည်ဟု နိရဉ္စရာကို ပြောသည်။

ကုမ္ပဏီအတွင်းကျန်ရှိနေသည့် ပစ္စည်းများကိုပင် လုံခြုံရေးဝန်ထမ်းမရှိဘဲ မျက်ကွယ် ပြုထားရသည်ဟုလည်း ပြောသည်။

"စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သူတို့ ကိုယ်တိုင်ပဲ ဖောက်ထွင်းနေတာပဲလေ။ ဒါတွေက ဘယ်လိုပြောလို့ရမလဲ။ ကုမ္ပဏီက လည်ပတ်လို့လည်း မရတော့ဘူး။ ရပ်ထားရတယ်။ သီခြား လုပ်ငန်းကပိုင်ဆိုင်မှုတွေတော့ တခြား နေရာမှာရှိသေးတာပေါ့။ ဖောက်ထွင်းမခံရသေးဘူး။ ဒါတွေကို စိုးရိမ်နေရတယ်။ အဲ့ပစ္စည်းတွေကို ဖြစ်ချင်ရာဖြစ် ပစ်ထားရတာပေါ့။ ဝန်ထမ်းတွေလည်း ဘယ်သူမှ မလုပ်ရဲကြတော့။ အကုန်ပျက်စီးတာပေါ့။ တန်ဖိုးအခြေအနေကို တွက်လို့တောင်မရတော့ဘူး" ဟုပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်၊ ညဥ့် ၁ နာရီကျော်ခန့်ကလည်း စစ်တွေရှိ စက်ရုံနှစ်ခုတွင် လုံခြုံရေးစောင့်နေသည့် လုံခြုံရေးဝန်ထမ်း အမျိုးသား ၂ ဦးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်ကား ၃ စီးဖြင့် ဖမ်းဆီးသွားခဲ့သည်ဟု နိရဉ္စရာသတင်းဌာနမှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ မင်းဒြားချိတ်ရွာဟောင်း ကျော်ဇံဆားကြိတ်စက်ရုံတွင် လုံခြုံရေး လုပ်နေသည့် အသက် ၄၃ နှစ်အရွယ် ဦးဆန်းမောင်နှင့် ဗျိုင်းဖြူရွာကုတိုးဆိပ်အနီး မီလျံနာဖြိုးဆန်စက်တွင် လုံခြုံရေးလုပ်နေသည့် အသက် ၃၈ နှစ်အရွယ် ကိုမိုးအေးကိုကို တို့ဖြစ်ကြသည်။

ထို့သို့ လုံခြုံရေးစောင့် စက်ရုံဝန်ထမ်းများကိုပါ ဖမ်းဆီးနေသည့်အတွက် တခြားစက်ရုံများတွင် လုံခြုံရေးတာဝန်ယူထားသည့် ပြည်သူများလည်း အလုပ်မဆင်းရဲဖြစ်နေကြပြီး ဝမ်းရေးအတွက် ထိခိုက်မှုများပါ ရှိလာနေသည်ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

"လုံခြုံရေးတွေကိုလည်း ဖမ်းနေကြတော့ ကျွန်တော်တို့လည်း စိုးရိမ်မှုတွေရှိပါတယ်။ အလုပ်ထွက်ရမလိုဖြစ်နေပြီ။ အလုပ်ရှားရတဲ့ကြားထဲ့ ဒါကိုမှီခိုပြီး စားသောက်နေရတာ" ဟုပြောသည်။

ထိုလုံခြုံရေးဝန်ထမ်းများကို ဖမ်းသွားသည့်အချိန်တွင်လည်း စစ်ကောင်စီတပ်သားများသည် ကျော်ဇံဆားကြိတ် စက်ရုံကိုပိတ်ထားသည့် သော့ခလောက်များကိုဖျက်ဆီးပြီး အထဲသို့ဝင်ရောက်ကာ ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ထို့အတူ မီလျံနာဖြိုးဆန်စက်ရုံကိုပိတ်ထားသည့် သော့ခလောက်များကိုလည်း ဖျက်ဆီးပြီး ဝင်ရောက်ကာ ပစ္စည်းများကိုဖျက်ဆီးသွားသည့်အပြင် စက်ရုံတွင်ထားရှိသည့် ဆိုင်ကယ် ၅ စီးနှင့် စားသုံးဆီများကိုလည်း ယူဆောင်သွားကြောင်း နီးစပ်သူများကပြောသည်။ 

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲပြန်ဖြစ်ပြီးနောက် စစ်တွေတွင် နေရပ်စွန့်ခွာသွားသူတို့၏ နေအိမ်အဆောက်အအုံများသည် နေ့စဥ်နှင့်အမျှ ဖောက်ထွင်းပြီး နေအိမ်ရှိ ပစ္စည်းများကို ခိုးယူခံနေရသည်ဟု သိရသည်။

ယင်းအပြင် နေအိမ်များကိုပါဖျက်ဆီးပြီး သွပ်၊ သံ၊ သစ်သားများကိုလည်း ခိုးယူ ရောင်းချနေကြသည်ဟုလည်း မြို့ခံများက ပြောသည်။

ယခုကဲ့သို့ တရားဥပဒေမဲ့သည့်လုပ်ရပ်များကို စစ်ကောင်စီက အရေးယူဆောင်ရွက်ခြင်းမရှိဘဲ လစ်လျူရှုထားသည်ဟု သိရသည်။

ဓာတ်ပုံ - စစ်တွေမြို့တွင် လှည့်လည်သွားလာနေသည့်စစ်ကောင်စီ တင့်ကား (ပုံဟောင်း)

ဆက်စပ် သတင်းများ