Preview

လျှပ်စစ်မီးပြတ်တောက်နေသည့် ရခိုင်တွင် ဖုန်းဘက်ထရီအားသွင်းခြင်းက စီးပွားရေးလုပ်ငန်းတစ်ခုလို ဖြစ်လာ

ဇူလိုင် ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :837
ရခိုင် သတင်း

ဆလိုင်းမိုးအောင်၊နိရဉ္စရာ၊ဇူလိုင် ၂၅/ ၂၀၂၄

လျှပ်စစ်မီး ပြတ်တောက်နေသည့် ရခိုင်က ဒေသအများအပြားမှာဖုန်းဘက်ထရီအားသွင်းခြင်းကစီးပွားရေးလုပ်ငန်း တစ်ခုလို ဖြစ်လာပြီး ပြည်သူများအတွက်လည်း ဖုန်းဘက်ထရီ အားသွင်းခြင်းကနေ့စဉ် အခြေခံကုန်ကျမှု တစ်ခု ဖြစ်လာသည်ဟု ဆိုသည်။

ဖုန်းအားသွင်းရာတွင် ဖုန်းတစ်လုံးလျှင် ၂၀၀၀ ကျပ်၊ပါဝါဘန့်တစ်လုံးလျင် ၂၀၀၀ကျပ်၊ မီးသီးတစ်လုံးကို ၂၀၀၀ ကျပ်အထိ အခကြေးငွေပေးကာ မီးစက်ပိုင်ရှင်များထံတွင် အားသွင်းအသုံးပြုနေရသည်ဟုလည်း မင်းပြားမြို့နယ်မှမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

"နေ့တိုင်းပဲ ဖုန်းတစ်လုံးကိုနှစ်ထောင်ပေးပြီးအားသွင်းနေရတာ။ ဖုန်းလိုင်းကလည်း ရတဲ့ခါ ရ။ မရတဲ့အခါ မရ။ ဒါပေမယ့် ဖုန်းမှာဘက်ထရီအားမရှိရင် အဆင်မပြေဘူးလေ။မီးပြတ် စကဆို သုံးရာ၊ ငါးရာလောက်ပဲ ပေးရတာ။ အခုက ဈေးလည်းတက်တယ်။ လျှပ်စစ်မီးမရတော့အစစအရာရာအဆင်မပြေဘူး"ဟု ပြောသည်။

ယင်းအပြင်လက်ရှိတွင် စက်သုံးဆီ ၁ လီတာလျှင် ၁၅၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေ၍ ထိုသို့ ဖုန်းတစ်လုံးကို အားသွင်းခ ကျပ် ၂၀၀၀ မယူလျှင်လည်း အဆင်မပြေတွက်ခြေမကိုက်ဟု ဘက်ထရီ ဖုန်းအားသွင်း ပေးသူများကလည်း ပြောသည်။


“ ဖုန်းဘက်ထရီသွင်းခ မြင့်တက်လာရတဲ့ အကြောင်းအရင်းကတော့စက်သုံးဆီ ဈေးတက်လို့ ဖြစ်ပါတယ်။ ဆီဈေးကလည်း တက်တဲ့အပြင် ဝယ်ရတာလည်း အလွယ်တကူ မ၇ဘူး”ဟု ဖုန်းအားသွင်း လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။  

လက်ရှိကာလသည် မိုးရာသီဖြစ်သည့်အတွက်ဆိုလာမီးများဖြင့်လည်း ဖုန်းဘက်ထရီ သွင်းရန် အဆင်မပြေ၍ ဖုန်းတစ်လုံး ကျပ် ၂၀၀၀ဖြင့် အားသွင်းနေကြ၇သည်ဟု ပြောဆိုကြသည်။ 

လျှပ်စစ်မီးပြတ်တောက်နေ၍လျှပ်စစ်ကို မှီခိုပြီး အသက်မွေး ဝမ်းကျောင်း ပြုနေကြသူများအနေဖြင့်လည်းများစွာအခက်အခဲဖြစ်နေကြသည်ဟု ပြောဆိုသည်။

မြောက်ဦးမြို့ခံတစ်ဦးက "ကျွန်တော်တို့က လျှပ်စစ်မီးကို မှီခိုပြီးအလုပ်လုပ်နေ၇တာလေ။ အခုကမီးပြတ်တောက်နေတော့ အလုပ်တွေအဆင်မပြေဘူး။ ၀ရိန်တောက်ဂဟေဆက် မယ်ဆိုရင်လည်းမီးစက်မောင်းရတယ်။ ရလာတဲ့အခကြေးငွေနဲ့ဆီဖိုးနဲ့မကာမိဘူး။ အိမ်ရှင်မတွေ ထမင်းချက်ရတာလည်း အဆင်မပြေဘူး။ ညဘက်ဆိုလည်း မီးမရှိဘဲမှောင်မှောင်မဲမဲနေရတယ်" ဟု ပြောသည်။

လက်ရှိ ရခိုင်တွင် စစ်တွေ၊ ပေါက်တော၊ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ဘူးသီးတောင်၊ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ မြို့နယ်များတွင် လျှပ်စစ်မီးလုံး၀ပြတ်တောက်နေသည်ဟု သိ၇သည်။



အမ်း၊ဂွ၊ ကျောက်ဖြူမြို့နယ်တွင် မြို့တွင်း၌သာရပြီး ကျေးရွာများတွင် လျှပ်စစ်မီး ပြတ်တောက်နေကြောင်းဒေသခံများထံမှ သိရသည်။

ရခိုင်ဒေသအတွင်းတောင်ကုတ်၊ သံတွဲမြို့နယ်များကိုတောင်ကုတ်ပင်မဓာတ်အားခွဲရုံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားပြီးကျောက်ဖြူပင်မဓာတ်အားခွဲရုံက ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်ကို ဖြန့်ဖြူးပေးကာအမ်းပင်မဓာတ်အားခွဲရုံက အမ်းမြို့နယ်ကို ဖြန့်ဖြူး ပေးထားသည်။ 

စစ်တွေအပါအဝင်ရခိုင်မြောက်ပိုင်းတစ်ခုလုံးကို ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံက လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးထားခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းတိုက်ပွဲအတွင်းလက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုများကြောင့် ဓာတ်အားခွဲစက်ရုံ ပျက်စီးသွား၍လက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်နေခြင်းဖြစ်သည်။ 

၇ခိုင်တွင်ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၁၃ ရက်မှစတင်ကာ ပြင်းထန်နေသော စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ရှိ မြို့နယ်အားလုံးနီးပါး၌လျှပ်စစ်မီးပြတ်တောက်နေခြင်း ဖြစ်ကာ ဒေသခံပြည်သူများ၏လူမှုစီးပွားရေးတွင် များစွာနစ်နာမှုရှိနေကြောင်း သိ၇သည်။

ဓာတ်ပုံ- လျှပ်စစ်မီးပြတ်တောက်နေသည့် ရခိုင်လွတ်မြောက်နယ်မြေတွင်ဖုန်းအားသွင်းလုပ်ငန်း တစ်ခုကို တွေ့၇စဥ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.