Preview

စစ်တွေတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများ၏ အသက်အန္တရာယ် အထူးစိုးရိမ်စရာဖြစ်နေဟု မိသားစုများပြောဆို

ဇူလိုင် ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :1894
ရခိုင် သတင်း

စောရှင်မေ၊ နိရဉ္စရာ၊ ဇူလိုင် ၂၆/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများ၏ အသက်အန္တရာယ်ကိုအထူးစိုးရိမ်နေကြရကြောင်း မိသားစုများက နိရဉ္စရာသတင်းဌာနသို့ပြောကြားသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် (၉)/(က) တန်းတွင် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်၊နံနက်စောစော  ည ၁ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်က ဧည့်စာရင်းဝင်စစ်ပြီး ဒေသခံ ၃ ဦးအား ဖမ်းဆီးသွားရာ ၂ ဦးမှာ အိမ်သို့ပြန်ရောက်လာသော်လည်း ကျန် ၁ ဦးမှာ ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံ၇ပြီးနောက် ပျောက်ဆုံးနေသူမှာ အသက် ၃၂ နှစ်အရွယ် ကိုမျိုးမင်းဦးဖြစ်ပြီး တစ်လကျော်ကြာသည့်တိုင်အောင် မိသားစုဝင်များနှင့် အဆက်အသွယ် တစ်စုံတရာ မရသေးဘဲပျောက်ဆုံးနေသည့် အတွက် စိတ်ပင်ပန်းကာအထူးစိုးရိမ်နေရသည်ဟု ဇနီးဖြစ်သူက ပြောသည်။

"ဘာသတင်းမှလည်း မကြားရတော့ ပြောမပြတတ်အောင်စိတ်ပူတယ်။ သူ့ကို စုံစမ်းတာလည်း ရဲစခန်းတွေရော၊ ကုတင် ၁၀၀ ဆေးရုံရော စုံနေပြီ။ မတွေ့ဘူး။ အခုဘယ်နေရာမှာရှိလဲ။ အသက်ရှင်နေသေးလား။ သိချင်တယ်။ ကျွန်မတို့မှာ သားလေး ၂ ယောက်ရှိတယ်။ အမျိုးသားလုပ်ကျွေးတာ စားနေကြတာ။အခု ဒုက္ခတွေ ရောက်နေကြ၇ပြီ" ဟု ပြောသည်။

ဇွန် ၁၅ ရက် အဆိုပါနေ့ ညအချိန်က  စစ်ကောင်စီတပ်သားများသည် မင်းဂံရပ်ကွက် အကွက် (၅)မှ အကွက် (၁၀)အထိ နေထိုင်သည့်အမျိုးသမီးများနှင့် အမျိုးသားများ စုစုပေါင်း လူဦးရေ ၁၅၀ ခန့်ကို ဖမ်းဆီးသွားခဲ့သည်ဟုသိရသည်။

အချို့ကိုပြန်လွှတ်ပြီး အများစုကို တရားစွဲထားကာ အချို့မှာ ယခုထိလွတ်မြောက်ခြင်းမရှိဘဲ မိသားစုနှင့်အဆက်အသွယ်ပြတ်တောက်နေသည်ဟု ရပ်ကွက်သားများက ပြောသည်။

အချို့မှာလည်း စစ်ကြောရေးအတွင်းနှိပ်စက်ခံရ၍ သေဆုံးသွားပြီး အလောင်းကို စစ်တွေဆေးရုံမှတဆင့် မိသားစုများထုတ်ယူခဲ့ရကြောင်းလည်း အဆိုပါမိသားစုများနှင့်နီးစပ်သူအချို့က နိရဥ္စရာကိုပြောဆိုထားသည်။

အလားအတူ စစ်တွေမြို့၊ အုန်းတပင်ရပ်ကွက်ရှိ လရောင်ဝင်းဘုန်းကြီးကျောင်းတိုက်သို့ ပြီးခဲ့သည့် မေလ ၁၄ ရက်၊ ည ၁ နာရီကျော်ခန့်တွင် စစ်ကား ၂ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်လာပြီး ကျောင်းတွင်ရှိနေသည့်စစ်ဘေးရှောင်များအနက် စစ်ဘေးရှောင်အမျိုးသား ၉ ဦးကို မှတ်ပုံတင်မပြနိုင်ဟုဆိုကာ သေနတ်ဖြင့်ထောက်၍ ဖမ်းဆီးသွားသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ထိုသို့ ဖမ်းဆီးခံ၇သူ အမျိုးသား ၉ ဦးအနက် ၈ ဦးမှာ ဖမ်းဆီးနှိပ်စက်ပြီးနောက် နှစ်ပတ်ခန့်အကြာတွင် ပြန်လည်လွှတ်ပေးခဲ့သော်လည် အသက် ၃၆ နှစ်အရွယ် ဦးတင်အောင်စိုးမှာယနေ့ အချိန်ထိ အဆက်အသွယ်မ၇ ပျောက်ဆုံးနေသည်ဟု  ဇနီးဖြစ်သူက ပြောသည်။

ကိုတင်အောင်စိုးမှာ သားသမီး ၄ ဦးကို ဆိုက္ကားမောင်း၍ လုပ်ကိုင် ကျွေးမွေးနေသူဖြစ်ကြောင်း၊နှစ်လကျော်ကြာသည့်တိုင်အောင် မည်သည့် အဆက်အသွယ်မှ မရရှိသည့်အတွက် အထူး စိုးရိမ် ပူပင်သောကရောက်နေရကြောင်း ဇနီးဖြစ်သူက နိရဉ္စရာကို ပြောသည်။ 

"တရားရုံး၊ ရဲစခန်း၊ ထောင်ချုပ်တွေ သွားကြည့်တဲ့နေရာလည်း အကုန်စုံနေပါပြီ။ ဒီအနီးအနားတစ်ဝိုက်မှာ မရှိဘူး။ ကျွန်မကလေ အမျိုးသားကိုပြန်လွှတ်ပေးစေချင်ပါတယ်။ လက်ရှိ သက်ရှိထင်ရှား ရှိနေတာကိုကြားချင်ပါတယ်။ ကလေးတွေကလည်း ငယ်သေးတယ်။ လုပ်ကိုင်စားသောက်ရတာ မလွယ်ဘူး။ ဒီနေရာမှာ အားကိုးစရာလည်း မရှိပါဘူး" ဟုပြောသည်။

သူတို့မိသားစုမှာ ယခင်က မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင်နေထိုင်ခဲ့ပြီး လရောင်ဝင်းကျောင်းတိုက်တွင် စစ်ဘေးရှောင်နေသည်မှာ ရ လခန့်ရှိပြီးနောက်ယခုလို မတရားသဖြင့် ဖမ်းဆီးခံခဲ့ကြရသည်ဟု ဆိုသည်။

၎င်းပြင် စစ်တွေမြို့တွင်စစ်ကောင်စီတပ်သားများက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးထားသည့် အရပ်သားပြည်သူ ရာနှင့်ချီရှိနေပြီးမိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူ အများအပြားရှိနေကာ အများစုမှာ လူငယ်အရွယ်များဖြစ်ကြသည်။

ကံကောင်းထောက်မသဖြင့် လွှတ်မြောက်လာသူ အချို့ ရှိသော်လည်းစစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် ကျန်းမာရေး ဆိုးဝါးနေကာ ဆေးဝါး ကုသနေရသလို ဖမ်းဆီးခံရသူအများစုကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုထားသည်ဟုသိရသည်။ (ပျောက်ဆုံးနေသူဦးရေ အတိအကျကိုမူ စစ်ကောင်စီက သတင်းအမှောင်ချထား၍ နိရဥ္စရာအနေဖြင့် သီးခြားကောက်ယူစုဆောင်းနိုင်ခြင်းတော့မရှိသေးပါ။

စစ်ကောင်စီ အုပ်ချုပ်မှု ကျန်ရှိနေသည့် စစ်တွေမြို့ပေါ်နှင့်မောင်တောမြို့ ပေါ်တွင် ရခိုင်နှင့် တစ်ခြား လူနည်းစုလူမျိုးများ၏ အခြေအနေမှာ အထူးစိုးရိမ်ထိတ်လန့်ဖွယ်ရာ အနေအထားသို့ ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးပြကာ နေ့ညအချိန်မရွေး လိုက်လံဖမ်းဆီးနှိပ်စက်ခံနေရသည်ဟုလည်း  ဒေသခံပြည်သူများကနိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

ဖမ်းဆီးခံရပြီးနောက် မိသားစုနှင့်အဆက်အသွယ်မရဘဲ ပျောက်ခြင်းမလှ ပျောက်နေသူများလည်း အများအပြား ရှိနေပြီး အများစုမိသားစုများမှာ ဆင်းရဲနွမ်းပါးကြပြီးဥပဒေရေးရာ၊ တရားရုံး၊ ရဲစခန်းအကြောင်းကိုလည်း နားမလည်သဖြင့် ဖမ်းဆီးခံ၇သူများ တစ်နေ့လွတ်လာနိုးဖြင့် အိမ်ခြံ၀မှ စောင့်မျှော်ကာ နေထိုင်နေကြရသည်ဟု ဖမ်းဆီးခံထား၇သူ မိသားစုများကပြောဆိုကြသည်။

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.