တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

သံတွဲမြို့တွင် ရေအနည်းငယ်ပြန်ကျသွားပြီးနောက် ဆက်ပြန်တက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 753

လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၂၆ / ၂၀၂၄

ရခိုင်ပြည်နယ် သံတွဲမြို့တွင် သံတွဲချောင်းရေမှာ အနည်းငယ် ပြန်ကျသွားခဲ့ပြီး လက်ရှိတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပြန်တက်လာသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“ မနေ့က ညနေပိုင်းမှာ ရေနည်းနည်း ပြန်ကျတယ်။  ၂ ပေခွဲ လောက်ပြန်ကျပြီးတော့ ည ၁၂ နာရီလောက်မှာ ပြန်တက်လာတယ်။ ရေစီးက နည်းနည်း ငြိမ်နေတော့ ခံသာသေးတာပေါ့။  တချို့အိမ်တွေ မြုပ်တယ်။  နောက်သံတွဲဈေး မြုပ်တယ်။ လူတွေကဖုန်းလိုင်းတွေပြတ်နေတော့ အချိတ်အဆက်လဲ မရှိတော့ ပစ္စည်းတွေဆုံးရှုံးမှုတွေရှိနိုင်ပါတယ်။ ရေကျသွားရင်တော့ အကုန်သိရမယ် တချို့လူတွေ ကတော့ ဘုန်းကြီးကျောင်းတွေနဲ့ ကုန်းမြင့်တွေမှာ နေနေရပါတယ်”ဟု ပြောသည်။

မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ချောင်းရေများဝင်လာပြီး ရေနစ်မြုပ်လျက်ရှိရာ ဇူလိုင် ၂၆ ရက်နေ့အထိ ချောင်းရေ ဆက်တက်နေသေးသည်ဟု ဒေသခံများက ပြောသည်။

သံတွဲမြို့ တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ညနေပိုင်းမှစတင်ကာ ဇူလိုင် ၂၆နေ့အထိ ချောင်းရေများဝင်ရောက်လျက်ရှိရာ သံတွဲဈေးအပါအဝင် မြို့ပေါ်ရပ်ကွက်များ၊ မြို့ပြင်ကျေးရွာများပါရေနစ်မြုပ်လျက်ရှိသည်။

၎င်းပြင် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတွင်လည်းရေနစ်မြုပ်လျက်ရှိပြီး ရေကာတာ တချို့တွင်ရေစီးပြင်းထန်နေကြောင်းဒေသခံများထံမှသိရသည်။

ထိုသို့မြို့တွင်ချောင်းရေများတက်ကာရေကြီးနေသောကြောင့် စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ရာတွင် အခက်အခဲကြုံနေရပြီး   ဒေသခံများလည်း သွားလာ၍ အဆင်မပြေဖြစ်နေကြောင်း သိရ ပြောသည်။


“ အခုက သိမ်ကုန်းကျောင်းနဲ့နံတော်တောင်မှာ ဒေသခံတွေ ရေဘေးတိမ်းရှောင် နေကြတယ်။ နောက်ဗိုလ်ကုန်းမှလဲ ရေဘေးရှောင်နေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ပြတ်နေတယ်။ တချို့အိမ်တွေက ထုတ်တန်းတွေတက်နေကြတဲ့သူတွေရှိတယ်။ ကယ်ဆယ်ရေးတွေလည်း သံတွဲမှာ ဒီတခါမတွေ့ရပါဘူး” ဟု ဒေသခံတစ်ဦးမှပြောသည်။

ဇူလိုင် ၂၄ရက်မှ စတင်ကာ ချောင်းရေများတက်လာပြီ ဇူလိုင် ၂၆ ရက်နေ့တွင် ဒွါရာဝတီမြို့သစ် ၊ သံတွဲမြို့ နံတော်ပြင်ပိုင်း၊ နတ်ပြင်ကျေးရွာ၊ ခြံပြင်ကျေးရွာ၊ လက်ပံစု၊ တော်ရော်တော ရွာဟောင်း၊ကင်းမော်၊သံတွဲဈေး၊ကင်းမော်၊ကျောက်ဆပ်၊ဇိန်ချောင်းတိုက်နယ် တို့တွင် ချောင်းရေများနစ်မြုပ်နေပြီး ပြည်သူများသွားရေးလာရေး ခက်ခဲနေကြောင်း သိရသည်။

သံတွဲချောင်းဖျားတောင်တန်းများတွင် မိုးကြီးနေသောကြောင့် သံတွဲမြို့ပတ်ဝန်ကျင်ရှိ ပြည့်ချောင်း၊ သံတွဲချောင်း၊ သူဌေးချောင်းတို့တွင် ချောင်းရေများလျှံတက်လာကာ ပင်လယ်တွင်လည်း ရေများ ပြည့်လျှံနေကြောင်းသိရသည်။

မိုးရာသီရောက်လျှင် သံတွဲမြို့သည် ရေကြီးလေ့ရှိပြီး ချောင်းရေလျံလျှင် မြို့ပေါ်ရပ်ကွက်အတွင်းသို့ ရေရောက်ပြီး နာရီပိုင်းအတွင်း ပြန်ကျသွားတတ်ကြောင်းသိရ သည်။

လက်ရှိတွင် သံတွဲမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်ရေကြီးကာ မြို့ပေါ်ရပ်ကွက်များသို့ ရေဝင်ရောက် နေပြီး မြို့ခံအများစု စစ်ရှောင်နေကြခြင်းကြောင့် မြို့ပေါ်တွင် လူသူကင်းမဲ့နေပြီး ဖုန်းလိုင်း၊ အင်တာနက် လိုင်းများ ဖြတ်တောက်လျက်ရှိသည်။

လွန်ခဲ့သည့် အနှစ် ၂၀ (၂၀၀၄ ခုနှစ်) ကလည်း အချိန်၌ပင် သံတွဲမြို့တွင် ရေမင်းကြီး ကြီးခဲ့ဖူးပြီး တစ်မြို့လုံး ရေလွှမ်းမိုးခဲ့ကာ စီးပွားပျက်သည်အထိ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်းသိရသည်။ 

 

ဆက်စပ် သတင်းများ