တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ရခိုင်တွင် ရေကြီးရေလျှံဖြစ်၍ အရေးပါသည့် ဆက်သွယ်ရေးလမ်းအချို့ ပြတ်တောက်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ကြိုင်ဟိန်းလင်း
နိရဉ္စရာ၊ ဇူလိုင်၂၇ / ၂၀၂၄

ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံဖြစ်ပေါ်နေ၍ ဒေသတွင်း အဓိက အရေးပါသည့်လမ်းမအချို့မှာ ပျက်စီးသွားပြီး ဆက်သွယ်ရေးပြတ်တောက်လျက်ရှိသည်ဟု သိရသည်။

ရေကြီး ရေလျှံဖြစ်မှုကြောင့် အနောက်ပိုင်းတိုင်း စစ်‌ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ရှိ အမ်း- ပဒါန်းကားလမ်းမကြီး ယမန်နေ့ ဇူလိုင်လ ၂၆ ရက်မှစတင်ကာ မြေပြိုကျပြီး ပျက်စီးသွားကြောင်း သိရသည်။

စစ်တွေ-ရန်ကုန်ကားလမ်းမရှိရာ အမ်းမြို့နယ်၊ ကြက်ရေစမ်းနှင့် ကန်မြင်းကန်ကျေးရွာကြားရှိ ကားလမ်းမကြီး ပျက်စီးပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်ဟုလည်း အမ်းဒေသခံတစ်ဦးက ပြောသည်။

"အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အောက်ရွာမှာ ရေကြီးနေတယ်။ အမှတ် (၃) ရပ်ကွက်မှာ ရေကြီးနေတယ်။ စစ်တွေ-ရန်ကုန်ကားလမ်းမှာ ရေကြီးနေတယ်။ ကားလမ်းပြတ်တောက်သွားလို့ ကားတွေလည်း သွားလာလို့ မရဘူး"ဟု ပြောသည်။

ထို့အပြင် ရခိုင်ပြည်နှင့် ဧရာဝတီကိုဆက်သွယ်ထားသည့် ဂွ-ငသိုင်းချောင်းလမ်းဖြစ်သည့် ရိုးလမ်းမပေါ်ရှိ ဒေသအခေါ် ၁၇ မိုင်တွင် ယနေ့ ဇူလိုင်လ ၂၇ ရက်၊ နံနက်အစောပိုင်းမှစတင်ကာ ကားလမ်း အက်ကွဲရာများဖြစ်ပေါ်ပြီး ကုန်ကားများနှင့် ခရီးသည်တင်ကားများ သွားလာမရဖြစ်နေကြ၍ ပြည်သူများ သွားလာရ အခက်အခဲဖြစ်နေကြသည်။

ရခိုင်တွင် ထို‌ကဲ့သို့ ရေကြီး၊ ရေလျှံဖြစ်ပြီး လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်နေသည့်အတွက် ကုန်စည်စီးဆင်းမှုများလည်း ရပ်တန့်ပြီး ယခုထက်ပိုမိုပြတ်တောက်သွားမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ်ပြီး ချောင်းရေနှင့် မြစ်ရေများမြင့်တက်ကာ လူနေအိမ်များနစ်မြုပ်မှုများလည်း ဖြစ်ပေါ်နေသည်။

သံတွဲမြို့ရှိ သူဌေးချောင်းဆည်မှာလည်း ယနေ့ နံနက် ၁၀ နာရီခွဲအချိန်တိုင်းတာချက်အရ စိုးရိမ်ရေမှတ် (အနီရောင်အဆင့်)ကို ကျော်လွန်လာနေ၍ ဆည်အနီးရှိ ကျေးရွာများအနေဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းကြရန်လည်း အာရက္ခတပ်တော်(AA)က ယနေ့နံနက်တွင် သတိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ - အမ်း- ပဒါန်းလမ်းပိုင်းပျက်စီးနေမှုအားတွေ့ရစဥ်။ Photo- Ko Kyaw Myint Maung

ဆက်စပ် သတင်းများ