စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

ရခိုင်တွင် ရေကြီးလျှံမှုကြောင့် စပါးခင်းများနှင့် သိုလှောင်ထားသည့် ဝမ်းစာစပါးများပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

စောရှင်မေ နိရဉ္စရာ၊ ဇူလိုင် ၂၉/၂၀၂၄

ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေပြီး ရေကြီးရေလျှံမှုများကြောင့် စပါးခင်းများသာမက နေအိမ်များတွင် သိုလှောင်ထားသည့် ဝမ်းစာစပါးများလည်း ပျက်စီးသွားခဲ့သည်ဟု  လယ်သမားများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကပင် တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် အမ်း၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေ စသည့်မြို့နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး မြေနိမ့်ပိုင်းများတွင် ချောင်းရေ၊ မြစ်ရေများ ဝင်ရောက်နစ်မြုပ်ကာ စပါးခင်းများ ရေလွှမ်းခံနေရသည်ဟု သိရသည်။

ယင်းအပြင် ဒေသခံများတွင် သိုလှောင်သိမ်းဆည်းထားသည့်ဝမ်းစာစပါးများလည်း ပျက်စီးသွားသည်ဟု တောင်ကုတ်မြို့နယ်၊ ခမောင်းချိုင်ရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးထွန်းလင်းက နိရဥ္စရာကို ပြောသည်။

"မိုးအဆက်မပြတ်ရွာပြီး ရေတက်တော့ စပါးပင်တွေက အကုန်ရေနစ်တာပေါ့။ ရေခမ်းသွားတော့ စပါးပင်တွေက အကုန်လုံး ရွှံ့အောက်ကိုရောက်သွားပြီးတော့ အကုန်လုံး နူးအိသွားတာပေါ့။ လက်တစ်တောင်ဆစ်လောက် နစ်သွားတာကိုး။ အဲ့ဒီအပင်တွေက ဘယ်လိုမှပြန်မရှင်နိုင်တော့ဘူး"ဟု ပြောသည်။

၎င်းရွာသည် လယ်ယာအလုပ်ကို အဓိကလုပ်ကိုင်စားသောက်ကြပြီး ယခုနှစ်တွင် တစ်ရွာလုံး အတိုင်းအတာဖြင့် စပါး ဧက ၂၀၀ ခန့်စိုက်ပျိုးထားကြသည်ဟု သိရသည်။



ယင်းအနက် ရေလွှမ်းမိုးခံရမှုကြောင့် စပါး ဧက ၁၀ ခန့်မှာ လက်တစ်တောင်ခန့် ရွှံ့ရေနစ်ကာ လုံးဝပျက်စီးသွားပြီး ကျန်ရှိနေသည့် စပါးဧကများမှာ ရေလွှမ်းမိုးမှုရှိခဲ့သော်လည်း ပျက်စီးမှုဆုံးရှုံးမှု မရှိဟုလည်း သူက ပြောသည်။

ထို့အပြင် ရွာတွင် သိုလှောင်ထားကြသည့် ဝမ်းစာဆန်စပါး တင်း ၅၀၀ ခန့်မှာလည်း မိုးပက်၍ရေနစ်ပျက်စီးသွားပြီး စပါးပေါ်ချိန်မရောက်မီ စားသောက်ရေးအတွက် အလွန်အခက်အခဲမှု ရှိနိုင်ကြောင်း ဦးထွန်းလင်းက ဆက်ပြောသည်။

"အခုလိုပျက်စီးသွားတော့ ဝမ်းစာအတွက် ခက်ခဲသွားတာပေါ့။ အခုအချိန်မှာ ထပ်စိုက်လို့လည်း မရတော့ဘူး။ ပျိုးပင်တွေလည်း ရှာမရတော့ဘူး။ အငှားလုပ်ခလည်း ဈေးကြီးတယ်။ မိုးစာလှောင်ထားတဲ့စပါးတွေ ရေနစ်သွားတယ်။ စားဖို့ထားတဲ့ ဆန်တွေလည်း ရေမြုပ်သွားတယ်။ ဘေးလွတ်ရာကို အကုန်လုံး ရွှေ့ပြောင်းလို့မရလိုက်ဘူး"ဟု ပြောသည်။

အထူးသဖြင့် တောင်ကုတ်အပါအဝင် သံတွဲနှင့် အမ်းမြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေခြင်းဖြစ်ပြီး စိုက်ပျိုးပြီးစ စပါးပင်များ၊ လူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများသည် ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးဝါးဆုံးကြုံနေကြရခြင်းဖြစ်သည်။

အလားတူ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း မိုးရွာသွန်းမှုကြောင့် ဒီရေများမြင့်တက်ပြီး စပါးခင်းများတွင် ဒီရေများဖုံးလွှမ်းခဲ့သည့်အတွက် ၄ မြို့နယ်ပေါင်း စိုက်ပျိုးပြီးစ စပါးဧက ၁ သောင်းခန့် ပျက်စီးသွားနိုင်သည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးအောင်ကျော်မြက ပြောသည်။

"ရေလွှမ်းမိုးပြီး စပါးတွေ ဧက ၁ သောင်းကျော်လောက် ပျက်စီးနိုင်တယ်လို့ခန်းမှန်းထားတယ်။ ဒီနှစ်က သွင်းအားစုတွေက ဈေးကြီးတော့ အရင်နှစ်တွေကထက်လည်း စပါးတွေလျှော့စိုက်ရတယ်။ ဝမ်းစာ အတွက် လုပ်နေတဲ့အထဲ အခုလိုတွေဖြစ်လာတော့ ရခိုင်ပြည်မှာ ဝမ်းစာအတွက် စိုးရိမ်စရာပါပဲ" ဟုပြောသည်။

၎င်းအနေဖြင့် တောင်ကုတ်နှင့် သံတွဲမြို့နယ်တို့တွင် လက်ရှိ ဖုန်းလိုင်းများပြတ်တောက်နေသည့်အတွက် စပါးဧက ပျက်စီးဆုံးရှုံးမှုအနေအထားကို အတည်မပြုနိုင်သေးဟု ဆိုသည်။

မြန်မာပြည်တစ်ဝန်း ယခုလက်ရှိဖြစ်ပေါ်နေသည့် ရေဘေးကြောင့် စပါးခင်းပျက်စီးမှုများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က လယ်သမားများကို ဓာတ်မြေဩဇာ၊ ဆေးနှင့် မျိုးစပါးမား ကူညီပေးမည်ဟု ယမန်နေ့က ကြေညာထားသည်။

 

ဆက်စပ် သတင်းများ