နိရဉ္စရာ၊ ဇူလိုင် ၂၉/၂၀၂၄
သံတွဲမြိုနှင့် ဂွမြို့နယ် အကြား ကားလမ်းပေါ်မှ တံတား တစ်စင်းဖြစ်သည့်ချင်းကွင်းတံတားအား စစ်ကောင်စီတပ်မှ မိုင်းခွဲဖျက်ဆီးပြီးနောက် ၎င်းချင်းကွင်းရွာတွင်တပ်စွဲထားသည့် စစ်ကြောင်းသည် တပ်နောက်ဆုတ်သွားခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။
ဒေသခံတစ်ဦးက “အခု အဲဒီတပ်ကချင်းကွင်းကနေ ကျိန္တလီမြို့ကို တပ်ဆုတ်သွားပါတယ်။ အဓိကတော့ အေအေထိုးဖောက် ဝင်ရောက်လာတယ်ဆိုတဲ့သတင်းတွေ ထွက်လာတဲ့ အတွက် တပ်ဆုတ်တာပါ။ ချင်းကွင်းကနေ ကျိန္တလီကို ၅ မိုင်လောက်ဘဲ ဝေးပါတယ်။ အဲဒီမှာ တစ်ခြားတပ်ဖွဲ့တွေနဲ့ပူးပေါင်း သွားတယ်လို့ သိ၇ပါတယ်” ဟု ပြောကြားသည်။
စစ်ကောင်စီတပ်သည် သံတွဲ-ဂွ ကားလမ်းပေါ်မှ ပြည်သူများ အသုံးပြုနေသည့်ချင်းကွင်းတံတားအား ဇုလိုင် ၂၅ ရက်နေ့ ညနေပိုင်းက မိုင်းခွဲဖျက်ဆီးပစ်ခဲ့သည်။ ၎င်းနောက်အင်အား ၇၀ ခန့်သော စစ်ကြောင်းသည် မေလ ၂၇ ရက် နံနက်ပိုင်းတွင် ချင်းကွင်းမှ နောက်ဆုတ်သွားခဲ့သည်ဟုဆိုသည်။
လက်ရှိ ရရှိသော သတင်းများအရ စစ်ကောင်စီတပ်သည် ကျိန္တလီမြို့အနီးရှိပုန်းညှက်တောင် ကုန်းပေါ်တွင် တပ်စွဲထားပြီး မှော်ဘီမှ ရဲတပ်ရင်း (၂)လည်း သံတွဲမှ ထွက်ပြေးလာသောရဲများနှင့် ပေါင်းကာ ကျိန္တလီတွင် တပ်စွဲထားသည်ဟု ၎င်းက ပြောသည်။
အာရက္ခတပ်တော် သံတွဲမြို့နယ်မှ ဂွမြို့နယ်ဘက်သို့ ထိုးဖောက်ဝင်ရောက်လာသည်ဟုသတင်းများ ထွက်ပေါ်လာနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များသည် ကျိန္တလီမြို့နှင့် ဂွမြို့နယ်တို့တွင် အခိုင်အမာ ခံစစ်ပုံစံဖြင့် နေရာယူထားသည်ကိုတွေ့၇သည်ဟု၎င်းက ပြောသည်။
“ စစ်တပ်က အရင် ချင်းကွင်းမှာရှိခဲ့တယ်။ အခု အဲဒီ စစ်တပ်ကကျိန္တလီမြို့မှာ နေရာယူ တပ်စွဲထားတယ်။ ပီးရင် ဆပ်သွား၊ ကမ်းသာယာ၊ဂွမြို့အဝင် ခမ၇ (၅၆၂) နဲ့ ခမ၇ (၅၆၃) တို့ ရှိပါတယ်။ အခု ဆပ်သွားတံတားက ဂွဘက်က အထွက်ပေ၁၀၀ လောက်ကို ပြုပြင်နေပါတယ်။ ဆပ်သွားအဝင် ဇေယျဘုံသာကျောင်းမှာ အင်အား ၇၀ လောက်တပ်စွဲလို့ရှိပါတယ်” ဟု ပြောကြားသည်။
တိုက်ပွဲများ ဖြစ်မည်ကို စိုးရိမ်၍ ဂွမြို့နယ်နှင့် ဂွမြို့ပေါ်ကလူများလည်း ဧရာ၀တီတိုင်းသို့ ရွှေ့ပြောင်းမှုများရှိနေပြီး အထူးသဖြင့် စစ်တပ် တပ်ရင်းများအနီးတွင်တည်ရှိသည့် ကျေးရွာများမှ လူများ ပြောင်းရွှေ့ မှုရှိနေသည်ဟု ဆိုသည်။
လက်ရှိတွင် သံတွဲမြို့နယ် ဂျိတ္တောနှင့် ကွင်းဝိုင်းရေတပ်စခန်းအနီးတိုက်ပွဲများမှာ မိုးကြီးပြီး ရေနစ်မြုပ်နေသဖြင့် သေနတ်သံမကြား၇သည်မှာ ၂ ရက်ခန့် ရှိနေပြီဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။