ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

သံတွဲတိုက်ပွဲအတွင်း ပျောက်ဆုံးသူ ၂၀၀ ကျော်ခန့်အထိရှိလာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 5.5k

သံတွဲတိုက်ပွဲအတွင်း ပျောက်ဆုံးသူ ၂၀၀ ကျော်ခန့်အထိရှိလာနေ

(အမည်မသိလူတစ်စုက လိမ်လည်ခြိမ်းခြောက်ပြီး ငွေညှစ်မှုများရှိနေဟုဆို)

 ဆလိုင်းမိုးအောင်

နိရဉ္စရာ၊ ဇူလိုင် ၂၉/ ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့တိုက်ပွဲအတွင်း ပျောက်ဆုံးနေသူများအား ဆက်သွယ်၍မရသဖြင့် မိသားစုဝင်များမှာ အထူးစိုးရိမ်စိတ်ပူနေသည်ဟု သိရပြီး ပျောက်ဆုံးနေသူ ၂၀၀ ကျော်ခန့်အထိရှိလာနေကြောင်း စုံစမ်းသိရသည်။

 ပျောက်ဆုံးနေသူများမှာ သံတွဲထောင်အတွင်း၌ ဖမ်းဆီးခံထားရသူများ၊ တိုက်ပွဲအတွင်း မြို့တွင်း၌ ပိတ်မိကျန်နေခဲ့သူများနှင့် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ရာမှ မိသားစုဝင်များနှင့် လူကွဲကာအဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေသူများ အများဆုံးပါဝင်ကြောင်း သိရသည်။

 ယခုပျောက်ဆုံးနေသူ ၂၀၀ ကျော်ထဲတွင် အရွယ်စုံပါဝင်ကြပြီး မွတ်ဆလင်လူမျိုးများလည်း ပါဝင်သည်ဟု သိရသည်။

 ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်က သံတွဲထောင်တွင် ဖမ်းဆီးခံထားရသည့် တောင်ကုတ်မြို့နယ်မှ လူငယ် ၂ ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဟု မိသားစုဝင်များအား ဆက်သွယ်ခဲ့ပြီးနောက် အဆက်သွယ်မရဘဲ လက်ရှိအချိန်ထိ ပျောက်ဆုံးနေ၍ စိတ်ပူနေကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

 "ကျွန်တော်သားက သံတွဲထောင်မှာ ဖမ်းခံထားရတာပါ။ ဒီလ ဆယ့်နှစ်ရက်နေ့က ထောင်ကလွတ်လာပြီဆိုပြီး အိမ်ကိုဖုန်းနဲ့ဆက်သွယ်တယ်။ ဆယ့်သုံးရက်နေ့မနက် ဂွကိုတက်မယ်ဆိုပြီးပြောခဲ့တယ်။ နောက်နေ့ရောက်ရော လုံးဝဆက်သွယ်လို့မရတော့ဘူး။ အခုလည်း အဆက်အသွယ်မရသေးပါဘူး။ သူဘာဖြစ်နေလဲ။ ဘယ်မှာရှိနေလဲဆိုတာ ကျွန်တော်တို့မသိရဘူး။ သားကိုအရမ်းစိတ်ပူနေကြတယ်" ဟု ပြောသည်။

သံတွဲမြို့တိုက်ပွဲမှာ ယခုဇူလိုင်လအလယ်ပိုင်းက ပြင်းထန်ခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်းများ နေ့ရောညပါပြုလုပ်ခဲ့၍ တာဝါတိုင်အချို့ ကျိုးကျခဲ့ပြီး ဇူလိုင်လ ၁၃ ရက်၊ နေ့လယ်ပိုင်းမှစတင်ကာ ဖုန်းလိုင်းများအားလုံး ပြတ်တောက်သွားကာ အဆက်အသွယ်ပြတ်နေခြင်းဖြစ်သည်။

ထိုသို့ဖုန်းလိုင်းများပြတ်တောက်နေ၍ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ကြသူများနှင့် မြို့ထဲတွင်ပိတ်မိပြီး ကျန်နေခဲ့သူ မိသားစုဝင်များ အဆက်အသွယ်မရ၍ စိတ်ပူနေသည်ဟု သံတွဲမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

"အိမ်က အစ်မနဲ့အဆက်အသွယ်မရပါဘူး။ ဂျိတ္တောအကွက် ၇ ကပါ။ တိုက်ပွဲအတွင်း အဆက်အသွယ်ပြတ်သွားကြတာ။ စစ်ဘေးရှောင်ရင်း စစ်တပ်(စစ်ကောင်စီ)က လေယာဥ်နဲ့ဗုံးလာကြဲလို့ လူကွဲသွားတာပါ။ သေလား ရှင်လားလည်း အခုထိအဆက်အသွယ်မရလို့ အရမ်းစိတ်ပူနေရတယ်"ဟု ပြောသည်။ 

မြို့အတွင်း ပိတ်မိကျန်နေခဲ့သည့် မိသားစုဝင်များ၊ ပျောက်ဆုံးနေသူများနှင့် အဆက်အသွယ်ပြတ်တောက်နေသည့် အဝေးရောက် မိသားစုဝင်များသည်လည်း ဆက်သွယ်နိုင်သည့် ဖုန်းနံပတ်များနှင့် လူပျောက်ကြော်ငြာများကို ရခိုင်အခြေစိုက်မီဒီယာအချို့နှင့် လူမှုကွန်ရက်များတွင် တင်ထားကြသည်။

 ယင်းကြော်ငြာများတွင်ထည့်သွင်းထားသည့် ဖုန်းနံပတ်များကို အသုံးချကာ အမည်မသိလူတစ်စုကလည်း လိမ်လည်ခြိမ်းခြောက်ပြီး ငွေညှစ်ခြင်းများရှိနေသည်ဟု သိရသည်။

 "ဒီနေ့မနက် ကျမကို လူတယောက်ကဖုန်းဆက်ပြီး မိသားစုအဖမ်းခံထားရပြီ။ လာရွေးမလား။ မရွေးဘူးလား မေးပါတယ်။ ဘာမှဆက်မေးလို့မရလိုက်ဘဲ ဖုန်းချသွားပါတယ်။ လူလိမ်လို့တော့ ထင်ပါတယ်။ ငွေညှစ်မယ့်ပုံစံပါပဲ။ အမှန်ဖြစ်နေမှာကြောက်လို့ပါ။ မြို့တွင်း အခြေအနေလေး သိရင် ပြောပါဦး" ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် သံတွဲမြို့ခံအမျိုးသမီးတစ်ဦးက 'သံတွဲသူ၊ သံတွဲသားများ စကားဝိုင်း' လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 ဖုန်းလိုင်းအဆက်အသွယ်မရသည့်အတွက် အဆက်သွယ်မရသည့် မိသားစုဝင်များအား စိတ်ပူနေချိန်တွင် ထပ်ပြီး ငွေကြေးအလိမ်မခံရဖို့ကိုလည်း သတိပေးတိုက်တွန်းထားသည်။

 သံတွဲမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ရေစင်ကျေးရွာနှင့် ဂွေ့ချောင်းကျေးရွာကြား ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်၊ နံနက် ၆ နာရီက စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 ထိုသို့တိုက်ပွဲဖြစ်ပွားပြီးနောက် သံတွဲမြို့နယ်တွင်ရှိသည့် စစ်ကောင်စီတပ်ရင်းနှစ်ခုကို AA က သိမ်းပိုက်ခဲ့ကာ ဇူလိုင်လ ၁၆ ရက်တွင် သံတွဲမြို့ပေါ်ကိုပါ ထိန်းချုပ်ထားနိုင်ခဲ့သည်။

ဆက်စပ် သတင်းများ