အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အမ်းတွင် ကျူရှင်ဆရာလူငယ်တစ်ဦး စစ်ကောင်စီဖမ်းဆီးနှိပ်စက်၍ ဆေးရုံတင်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ကံ့ကော်နီနီ၊ နိရဥ္စရာ၊ ဇူလိုင် ၂၉ / ၂၀၂၄

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက် ရခိုင်ပြည်၊ အမ်းမြို့တွင် ကျူရှင်ဆရာ လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး နှိပ်စက်ညှဥ်းပန်းမှုကြောင့် ဆေးရုံ တင်ထားရကြောင်း သတင်းရရှိသည်။

ထိုလူငယ်မှာ အမ်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ဘော်ဒါဆောင်ဖွင့်လှစ်သင်ကြားနေသည့် ဆရာ ကိုတင်မိုးဆောင်း(၂၅)နှစ်ကျော်ဖြစ်ကြောင်း သိရသည်။

၄င်းကို ဇူလိုင်လ ၂၃ ရက်က အမ်းမြို့မရဲစခန်းသို့ လာရောက်ရန် ဆင့်ခေါ်ပြီးနောက် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)လက်သို့ လွှဲပြောင်းလိုက်ရာ စစ်ကြောရေးတွင် ရိုက်နှက်နှိပ်စက်ခံရပြီး ဇူလိုင်လ ၂၆ ရက်တွင် အမ်းရှိ စစ်ဆေးရုံတွင်တင်ထားရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

"သူ့ကိုရဲစခန်းကို ဆင့်ခေါ်တာ။ ရဲစခန်းကိုသွားတုန်းမှာ ဖမ်းဆီးထားပြီးမှ စရဖလက်ထဲ လွှဲပေးလိုက်တာလို့ သိရတယ်။ သုံးလေးရက်ကြာတော့ နှိပ်စက်ခံရပြီး တိုင်းဆေးရုံမှာ တင်လိုက်ရတယ်။ ဘာကြောင့်ဖမ်းတာလဲဆိုတာတော့ မသိရဘူး။ အခုအမ်းမှာစစ်တပ်က အဖမ်းဆီးအတော်များနေတယ်" ဟုပြောသည်။

ဆရာ ကိုတင်မိုးဆောင်းကို ဒဏ်ရာအပြင်းထန်ဖြင့် စစ်ဆေးရုံတွင်တင်ထားရသည်ဟု သတင်းထွက်နေသော်လည်း ဖမ်းဆီးခံရသည့်နေ့မှ ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရဘဲ အဆက်သွယ်ပြတ်တောက်နေကြောင်း သိရသည်။

အာရက္ခတပ်တော် (AA)၏ ထိုးစစ်နှင့်အတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တစ်ခုလုံး စစ်ရေးခြိမ်းခြောက်ခံလာရသည့်အချိန် အမ်းမြို့ပေါ်တွင် စစ်တပ်က ဧည့်စာရင်းစစ်ဆေးမှုများ ခပ်စိတ်စိတ်လုပ်လာပြီး ပြည်သူများကိုလည်း ဖမ်းဆီးမှုပိုများလာကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက နိရဥ္စရာသို့ပြောသည်။

"အခု ဧည့်စာရင်းစစ်တာတွေပိုလုပ်လာတယ်။ စာရင်းထဲကထက်ပိုနေရင် အကုန်လိုက် ဖမ်းတယ်။ အိမ်ထဲက အိမ်ပြင်ထွက်ဖို့တောင်ကြောက်နေရတယ်။ လမ်းမှာတွေ့ရင်လည်း မထင်ရင်မထင်သလိုဖမ်းယူသွားတာတွေရှိနေတယ်" ဟု ပြောသည်။

အမ်း(နပခ) စစ်ကောင်စီတပ်စခန်းများကို AA က ဇူလိုင်လ ၆ ရက်မှစတင်ထိုးစစ်ဆင်နေပြီး အမ်းမြို့အနီးဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက် မိုးသည်းထန်ပြီး ရေကြီးရေလျှံဖြစ်ပွားနေသည့်ရက်ပိုင်းအတွင်း တိုက်ပွဲများအေးနေကြောင်းလည်း မြို့ခံများက ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်စခန်းများအထိ AA ကထိုးစစ်ဆင်လာ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးမှုများရှိနေကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ