အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ဘေးရှောင်ရန် နယ်သို့ပို့ပေးမည်ဟုဆိုကာ ငွေလိမ်မှုများ စစ်တွေတွင် ပေါ်ပေါက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ကြိုင်ဟိန်းလင်း နိရဉ္စရာ၊ ဇူလိုင် ၃၀/ ၂၀၂၄

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်မြို့တော် စစ်တွေတွင် ပိတ်မိနေသည့် ဒေသခံများအား လွတ်မြောက်နယ်မြေများသို့ ပို့ပေး‌မည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။ 

စစ်တွေမြို့တွင် အသက်အိုးအိမ်စည်းစိမ် မလုံခြုံသည့်အတွက် လွတ်မြောက်နယ်မြေများသို့ ထွက်ခွာတိမ်းရှောင်လိုသူများကို အခွင့်ကောင်းယူကာ ငွေလိမ်လည်တောင်းခံသည့် ပွဲစားအများအပြား စစ်တွေမြို့ထဲတွင်ရှိနေသည်ဟု လိမ်လည်ခံလိုက်ရသူအချို့က ဆိုသည်။

စစ်တွေဒေသခံတချို့သည် မေလတွင်တစ်ကြိမ်နှင့် ဇွန်လတွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိတိ ငွေလိမ်ခံခဲ့ရသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုလည်း ခံခဲ့ရသည်ဟု ငွေလိမ်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

"နှစ်ခါတောင်မှ အလိမ်ခံရပါတယ်။ ပထမတစ်ခေါက်တုန်းက ပိုက်ဆံ လေးသိန်းပေးရင် စစ်တွေမြို့ တစ်ဖက်ကမ်းကို ပို့ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ပြီးတော့ အဲဒီကမ်းကို လိုက်မယ့် လူတွေကို အိမ်တစ်အိမ်မှာ ထားပါတယ်။ ညည့်အချိန်မှာ ရဲဖမ်းတာကို ခံလိုက်ရတယ်။ ဒုတိယ တစ်ကြိမ်မှာလည်း ‌နောက်ပွဲစားတစ်ဦးက ငွေ ၆ သိန်းပေးရင် ပို့ပေးမယ်လို့ပြောတယ်။ အဲတုန်းက ကျမတို့ကို ရပ်ကွက်တစ်ခုမှာထားတယ်။ ဘာမှ အန္တရာယ်မရှိဘူး။ နေဗီကိုလည်း အကြောင်း ကြားထားပြီလို့ပြောတယ်။ အဲတုန်းက လိုက်ဖို့လူတွေလည်း များတယ်။ မသွားလိုက်ရဘူး။ လူတစ်ယောက်ကို ၆ သိန်းကျနဲ့ သိန်း ၁၀၀ ကျော်လိမ်သွားတယ်။ သူ့မိန်းမဆီက တောင်းတော့ တိုင်ချင်တဲ့နေရာမှာ သွားတိုင်ဆိုပြီးတော့ ပြောတယ်" ဟု ဆိုသည်။

ထိုသို့ ငွေလိမ်ခံရသူများထဲ ပထမအကြိမ် (မေလ)က လွတ်မြောက်နယ်မြေများသို့သွားရန် ကြိုးစားခဲ့သူ (၂၁)ဦးသည် စစ်ကောင်စီလက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရကာ စစ်တွေမြို့မ ရဲစခန်းတွင် (၂၆) ရက်တိတိ အချုပ်ကျနေထိုင်ခဲ့ရပြီး ရဲကို ငွေကျပ် (၁၅) သိန်းနီးပါးပေးဆောင်ပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ပြောသည်။

ထိုကဲ့သို့ ငွေလိမ်ခံရမှုများကို အရေး‌ယူဖော်ထုတ်မည့်သူများမရှိသလို နောက်ထပ် ဒေသခံ များအားလည်း သတိထားကြရန်လိုအပ်သည်ဟု နောက်ထပ်ငွေလိမ်ခံရသူ အမျိုးသားတစ်ဦးက ပြောသည်။

"ကျနော်မှာလည်း ပိုက်ဆံရှိတာမဟုတ်ဘူး။ စစ်တွေက ထွက်ခွင့်ရဖို့အတွက် ဆွေမျိုးတွေဆီက ပိုက်ဆံချေးငှားပြီးတော့ ထွက်ခွာဖို့ ကြိုးစားတာ။ ဒီမှာက မလုံခြုံဘူး။ အဲဒါကို လိမ်သွားကြတယ်။ အခု နယ်ကိုလည်းမသွားရဘူး။ ဒီမှာနေရတာကလည်း မလုံခြုံဘူး။ ကုန်စျေးနှုန်းတွေလည်း တအားဈေးကြီးတယ်။ စားသောက်ရေးကအစ အဆင်မပြေဘူး။ တခြားလူတွေကိုတော့ ဒီလိုမျိုး အလိမ်မခံစေချင်ပါ" ဟု ပြောသည်။

လက်ရှိ စစ်တွေမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီး နယ်ကိုပို့ဆောင်ပေးနေသည့် ပွဲစားများလည်းရှိသလို အခွင့်အရေးယူပြီး လုပ်စားနေသူများလည်း ရှိသူဟု ငွေလိမ်ခံရသူအချို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အမှန်တကယ်ဆက်သွယ်ပြီး ပိုက်ဆံတွေပေးပြီးတော့ သွားလာနေကြတဲ့ ပွဲစားတွေရှိတယ်။ တစ်ခါတလေဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပွဲစားတွေဆီက ပိုက်ဆံကိုယူထားလိုက်တယ်။ ပြီးတော့ သွားလာခွင့်မပေးတော့ဘူး။ အဲအချိန်မှာ ပွဲစားတွေအနေနဲ့ လိမ်သလိုဖြစ်သွားတယ်။ နောက်တစ်ခုက အဲဒါကို အခွင့်ကောင်းယူပြီး လိမ်‌လည်နေတဲ့သူတွေလည်း ရှိနေတယ်" ဟု ပြောသည်။

စစ်တွေတွင် ပိတ်မိကျန်နေခဲ့သည့် ဒေသခံများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးပြီး သတ်ဖြတ်မှုများလည်းရှိသလို၊ ရိုက်နှက်ထောင်ချမှုများနှင့် ငွေညှစ်တောင်းခံမှုများကိုလည်း ကျူးလွန်နေကြသည်ဟု မြို့ထဲတွင် ပိတ်မိနေသူများက တညီတညွတ်တည်း ပြောသည်။

ထို့အပြင် ဘေးလွတ်ရာသို့တိမ်းရှောင်သွားကြသည့်ဒေသခံများ၏နေအိမ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုယ်တိုင် ခိုးယူဖောက်ထွင်းမှုများတွင်လည်း ပါဝင်နေသည့်အတွက် ဒေသခံများမှာ အကြောက်တရား ကြီးစိုးစွာနေထိုင်နေကြရသည်ဟု ဆိုသည်။ 

ဓာတ်ပုံ - စစ်တွေဆိပ်ကမ်းတစ်နေရာအား ၂၀၂၃ ခုနှစ်အတွင်းက တွေ့ရစဥ်။

ဆက်စပ် သတင်းများ