နောင်မင်းသူ၊နိရဉ္စရာ၊ ဇူလိုင် ၃၁/၂၀၂၄
အာရက္ခတပ်တော် (AA) အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ၇ခိုင်ပြည်၊မောင်တောမြို့၊ မြို့သူကြီး အခြေစိုက် နခခ (၅)တပ်ရင်းသည် အကျအဆုံးများ တပ်အချို့ နောက်ဆုတ်နေ၇တာကြောင့် ဇူလိုင်လ၃၁ ရက်မနက်အာရုံ ၄ နာရီကျော်၌ စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် အနည်းဆုံး ၃ စီးဖြင့် အပြင်းအထန် ဗုံးကြဲခဲ့သလို နေဗီမှလည်းယမန်နေ့ညတစ်ညလုံး လက်နက်ကြီးများဖြင့် ပစ်ကူ ပေးနေကြောင်း မောင်တောဒေသခံများထံမှ သိ၇သည်။
နခခ(၅)နှင့်အနီးဆုံးမြို့မကညင်တန်းရပ်ကွက်မှဒေသခံမွတ်ဆလင်အမျိုးသားတစ်ဦးက "နခခ(၅) အခြေအနေမလှတော့ပါဘူး။ မနေ့ ကတစ်ရက်လုံး တိုက်ပွဲဖြစ်ခဲ့ကြတယ်။ တစ်ညလုံးလည်း နေဗီက လက်နက်ကြီးပစ်တယ်။ အကျအဆုံးများတယ်ထင်ပါတယ်။ ကားတွေလည်းတစ်ညလုံး ဘုတ်ဆိပ်ဖက်ကို သွားလာနေကြတဲ့ အသံတွေကြားနေခဲ့ရတယ်။ ဒီနေ့မနက်အာရုံမှာ ဂျက်တိုက် လေယာဉ်တွေ တစ်စီးပြီးတစ်စီးနခခ(၅)ပတ်လည်ကို မနားတမ်းဗုံးကြဲချခဲ့ကြတယ်။ မိုးကလည်း ရွာအဆက်မပြတ်ရွာနေတယ်။လူတွေအိပ်နေတဲ့ အချိန်ဆိုတော့ အလွန် အထိတ်တလန့် ဖြစ်ခဲ့ကြရတယ်။ အိမ်တွေငလျင် လှုပ်သလို တုန်ခါနေတာ။ ကလေးတွေလန့်နိုးပြီးထပြေးကြတယ်။ လူတွေလည် နားတွေကိုပိတ်ပြီး မြေပြင်မှာ ဝပ်နေခဲ့ကြရတယ်။ ဂျက်လေယာဉ်တွေက ဗုံးအတွဲလိုက် ချတာ။ ပေါက်ကွဲသံတွေ တစ်လုံးပြီး တစ်လုံးထပ်ပြီးပေါက်ကွဲတာ။ နားတွေဘာမှ မကြား၇သလို ဖြစ်သွားကြတယ်။ တော်တော်လေးကိုပြင်းထန်တယ်" ဟု ပြောကြားသည်။
မောင်တောမြို့အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅) တပ်ရင်းအပါအဝင် စစ်ကောင်စီတပ်များနှင့် လက်နက်ကိုင် မွတ်ဆလင်များ ပူးပေါင်းခြေကုတ်နေရာယူထားကြသည့်ရွှေဇား၊ မြို့မကညင်တန်း၊ မောင်နီ၊ လသာ၊ဇူလ၊ POEဝင်/ထွက်စခန်းများအားလုံးအား ဇူလိုင်လ၃၀ ရက်၊ မနက်အာရုံ ၁ နာရီ ခန့်မှ စတင်ပြီးအာရက္ခတပ်တော်AA ဖက်ကမိုးထဲလေထဲ၌ တစ်ရက်လုံး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့သည်ဟု ဆိုသည်။
"မြို့ပတ်ပတ်လည်မှာတိုက်ပွဲကမနေက မနက်အာရုံ ၁ နာရီကစပြီး ညအချိန်အထိ မနားတမ်း တစ်ရက်လုံး ဖြစ်နေကြတာ။ မိုးကလည်းဆက်တိုက်ရွာနေတယ်။ လက်နက်ကြီးပစ်သံတွေလက်နက်ငယ် အပြန်အလှန် ပစ်ခတ်သံတွေဒရုန်းကဗုံးချသံတွေနဲ့ဒရုန်းကိုလှမ်းပစ်သံတွေတစ်ရက်လုံး တစ်ညလုံး ကြားနေခဲ့ကြ၇တယ်။ တိုက်ပွဲတွေ ဖြစ်နေတောလူ တွေအပြင် မထွက်ကြဘူး" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
မောင်တောမြို့နယ်တောင်ပိုင်း၊မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းများအားလုံးအား အာရက္ခတပ်တော်မှအလုံးစုံ သိမ်းပိုက်အပြီး တစ်ခုတည်းကျန်ရှိနေတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ခွဲ နခခ(၅)နှင့် မောင်တောမြို့တစ်ခုလုံး သိမ်းပိုက်နိုင်ရေးအတွက်အာရက္ခတပ်တော်(AA)မှထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာတစ်လကျော်အထိကြာမြင့်နေခဲ့ပြီဖြစ်သည်။
စစ်ကောင်စီဘက်မှမြေပြင်၌ စစ်အင်အားမလိုက်နိုင်တော့သဖြင့် စစ်သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်များ၊ အာဆာရ်၊အေအာရ်အေ၊အာရ်အက်စ်အိုစသည့် လက်နက်ကိုင် အဖွဲ့များကိုပါ ခေါ်ယူ အင်အားဖြည့်ကာ ခုခံနေသဖြင့် မောင်တောမြို့ သိမ်း တိုက်ပွဲမှာ အထူးပြင်းထန်လာလျက် ရှိကြောင်းသိ၇သည်။