အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

သံတွဲမြို့ရှိ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း စိုးရိမ်ရေမှတ်ကို ရောက်ရှိခဲ့သော်လည်း အနီးအနားကျေးရွာများ အထိအခိုက်မရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 752

လူထက်နိုင်( ဒွါရာမြီ)၊နိရဉ္စရာ၊ ဇူလိုင် ၃၁ / ၂၀၂၄

သံတွဲမြို့ရှိ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း အနီရောင် စိုးရိမ်ရေမှတ်ကို ရောက်ရှိခဲ့၍ သက်ကြီးရွယ်အိုတချို့ကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသော်လည်း အနီးအနားကျေးရွာများတွင်  အထိအခိုက်မရှိကြောင်း ဒေသခံများက ပြောဆိုသည်။  

ဒေသခံတစ်ဦးက “ တပ်တော်ကလည်း အသိပေးထားတယ်လေ။ သက်ကြီးရွယ်အိုတချို့တော့ ပြောင်းထားပြီး ကျန်တဲ့ သူတွေ အထုတ်ကလေးတွေထုတ် ယူစရာရှိတာယူ အသင့်ပြင်ထားတယ်။ အခုကတော့ ရေကျ နေပေမယ့်။ စိတ်တော့မချရဘူး။ ရေအားက ရေထွက်ပေါက်တွေ ရေစီးအားပြင်း နေတယ်။တပ်တော် ကတော့ တာဝန်အရအသိပေးထားတာ။ ပြောင်းရင်လည်း ကူညီမယ်လို့ ပြောထား တယ်”ဟု ပြောသည်။

လက်ရှိ သူဌေးချောင်းရေးအား လျှပ်စစ်စီမံကိန်း တွင် အစောင့်တချို့ရှိနေသော်လည်း အမြဲ စောင့်ကြည့်ပြီး ရေသွင်း ရေထုတ် ရေလွှဲလုပ်ပေး နိုင်သည့်အနေအထားမရှိကြောင်း ဒေသခံများ ကဆိုသည်။

အဆိုပါ စီမံကိန်းဖြင့်အနီးဆုံး ကျေးရွာများဖြစ်သော ချင်းကွင်း၊ ဘုရားမော်၊ ဆူးပုတ်ကုန်း၊ ကျေးရွာများမှ ဒေသခံများနှင့် သက်ကြီးရွယ်အိုများကို ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အနီအနား အမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့ထားကာ အာရက္ခတပ်တော်မှလည်း ကူညီမှုတချို့ရှိခဲ့ကြောင်း သိရသည်။

“ပြောင်းမယ်ဆိုရင် ရွှေလှေကနေ ခမောင်းတုန်းရွာထိရွာတွေပြောင်းရမယ်။  ဆူးပုပ်ကုန်း၊ မန်ကျည်းချောင်၊ တလိုင်းတဲ၊ ရွှေလှေ၊ လင်းသီ၊ ကျောင်းကုန်း၊ ဇီးကျွန်း၊ အောက်နတ်မော်၊ ပြင်ယောင်း၊ သဗြုချိုင်၊ နတ်မော်၊ အင်တိုင်းကြီး အဲ့ဒီရွာတွေပြောင်းရမယ်။ တောင်ကုတ်ဖက်ဆို ဒေါ်မြတို့ဟုန်းပေါက်တို့  ပြောင်းရမယ်။ ရေအားမှာရေထွက်ပေါက်တွေ ရေစီးကြမ်းနေတယ်။ တပ်တော်က အခြေအနေသိလို့ သတိပေးထားတာ။ ပေါ့လို့မရ” ဟုဒေသခံတစ်ဦးကပြောသည်။

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ "သူဌေးချောင်း ဆည်"သည် စိုးရိမ်ရေမှတ် အနီရောင်အဆင့်ကို ကျော်လွန် လာနေ၍ ဆည်အနီးနေထိုင်သူများအနေဖြင့် အရေးပေါ်ရွှေ့ပြောင်းကြရန် အာရက္ခတပ်တော်(AA)က ယနေ့ ဇူလိုင်လ ၂၇ ရက်၊ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။

ယခုရက်များအတွင်း ရက္ခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်း အဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသောမိုးများကြောင့် မိုးရေချိန်အမှတ်သည် စိုးရိမ်ရေမှတ်ကို ကျော်လွန် လာခဲ့ပြီ ဖြစ်သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိဘပြည်သူများအနေဖြင့်လည်း ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးကြရန် ကိုလည်း AA က အလေးအနက် တိုက်တွန်းခဲ့သည်။

AA အနေဖြင့် လွန်ခဲ့သောရက်များ၏ မိုးရွာသွန်းမှု၊ မိုးရေချိန်အမှတ်များကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင်သည့် အတွက် ကြိုတင်အသိပေးထားခဲပြီး ယနေ့တွင် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန် လာနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ အရေးပေါ်ချက်ချင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု AA က ဆိုထားသည်။

 

ဆက်စပ် သတင်းများ