စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

စစ်တွေရှိ စစ်ကောင်စီတပ်များက ပုဏ္ဏားကျွန်းနှင့် မောင်တောဘက်သို့ အတွဲလိုက်ဒုံးများဖြင့် မိနစ် ၂၀ ခန့်ကြာ ရမ်းသမ်းပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

မောင်စာဂ၊ နိရဥ္စရာ၊ ဇူလိုင် ၃၁/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်ကောင်စီတပ်က ယနေ့ညနေတွင် ပုဏ္ဏားကျွန်းမြို့နယ်နှင့် မောင်တောမြို့ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် တပြိုင်တည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာမှ နန္ဒဝန်ဥယျာဥ်အနီးရှိ တပ်ရင်း၊ စစ်တွေရွှေမင်းဂံ ဆိပ်တွင်ရပ်ထားသည့်စစ်နေဗီနှင့် စစ်တွေပွိုင့်ကမ်းခြေ အနီးရှိ စစ်နေဗီတို့က ယနေ့ ဇူလိုင်လ ၃၁ ရက်၊ ညနေ ၄ နာရီခွဲခန့်မှစတင်ကာ မိနစ် ၂၀ ခန့်အကြာ ပစ်ခတ်နေခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ပစ်ခတ်ရာတွင် ကွမ်းတောင်၊ ခမောင်းတော၊ စပါးထားစသည့် ကျေးရွာများအနီးတဝိုက်သို့ကျရောက်​ပေါက်ကွဲခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

စစ်ကောင်စီက သတင်းအမှောင်ချရန် ဖုန်းလိုင်း​များဖြတ်ထား၍ ထိခိုက်မှုအခြေအနေများကို အတည်ပြုနိုင်ရန် နိရဥ္စရာအနေဖြင့် ခက်ခဲနေသေးသည်။

အချိန်ကြာပစ်ခတ်နေခဲ့သည့်အတွက် အလွန်တရာစိုးရိမ်ကြောက်လန့်ခဲ့ရသည်ဟုလည်း ဒေသခံများက ပြောသည်။



ပုဏ္ဏားကျွန်းမြို့နယ်သည် အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားသည့် လွတ်မြောက်နယ်မြေ ဖြစ်သည်။

အလားတူ စစ်တွေပွိုင့်ကမ်းခြေအနီးရှိ စစ်နေဗီကလည်း တိုက်ပွဲပြင်းနေသည့် မောင်တော ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် တစ်ချိန်တည်းတွင် ပစ်ကူပေးခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

"စစ်တွေကနေ ရနိုင်သမျှ စွမ်းအားကုန်ပစ်ခတ်တဲ့သဘောမျိုးပါ။ အထူးသဖြင့် မောင်တော ဘက်ကို လှမ်းပြီးတော့ ပစ်ကူပေးတယ်သူတို့က။ မောင်တောက ဒီနေ့ သူတို့အတွက် သိပ် အခြေအနေမလှဘူး"ဟု ပြောသည်။

မောင်တောတွင် AA ကသိမ်းပိုက်ရန် တစ်ခုတည်းသာကျန်တော့သည့် အမှတ် (၅)နယ်ခြားစောင့် တပ်ဖွဲ့ခွဲ (နခခ ၅)ကို AA က ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်

ယနေ့နံနက်တွင် အဆိုပါနခခ (၅)သည် အလွန်အထိနာနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း အကျအဆုံးများ၍ တပ်ဆုတ်ထွက်ပြေးမှုများရှိနေသည်ဟု သိရသည်။

ယင်းသို့အထိနာနေ၍ စစ်တွေရှိ စစ်ကောင်စီဘက်က ပစ်ကူပေးနေသလို ဂျက်တိုက် လေယာဥ်များဖြင့်လည်း လာငေါက်ပစ်ကူပေးလျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များက နိရဥ္စရာကိုပြောသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏အတွဲလိုက်ဒုံးဖြင့်ပစ်ခတ်နေမှုပုံဟောင်း။

ဆက်စပ် သတင်းများ