အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

သံတွဲ ကွင်းဝိုင်းရေတပ်မှ ရေတပ်မှူး တိုက်ပွဲဖြစ်ပွားပါက အဆင်သင့်ထွက်ပြေးနိုင်ရန် တိမ်းရှောင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.9k

(တိုက်ပွဲက နောက်ဆုတ်လာသော စစ်သားများကို ရေတပ်ထဲသို့ ဝင်ခွင့်မပြုရာ အချင်းချင်းကြား ပစ်ခတ်မှုများရှိနေဟုဆို)

လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ သြဂုတ် ၁  / ၂၀၂၄

ရခိုင်ပြည် သံတွဲမြို့ ကွင်းဝိုင်းရေတပ်မှ ရေတပ်မှူးမှာ တိုက်ပွဲဖြစ်ပွားပါက အဆင်သင့် ထွက်ပြေးနိုင်ရန် လုံခြုံသည့်နေရာတွင် ပုန်းအောင်း တိမ်းရှောင်နေပြီး တိုက်ပွဲထဲက တပ်ဆုတ်လာသော စစ်ကောင်စီ တပ်သားများကိုလည်း ရေတပ်အတွင်းသို့ ဝင်ခွင့်မပေးတော့ရာမှ အချင်းချင်း အကြား ပစ်ခတ်မှုများ ရှိနေကြောင်း ရေတပ်နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာ သတင်းဌာသို့ ပြောသည်။

“ ကွင်းဝိုင်းရေတပ်ကို ဝင်တိုက်တဲ့ အခြေအနေတော့ မရှိသေးဘူး။ မနေ့က ရွာအရှေ့ဖက် ဘုန်းကြီးကျောင်းကို ဗုံးတစ်လုံးကျတယ်။ ရွာသာယာဖက်သွားတဲ့လမ်းမှာ ဗုံးတစ်လုံးပေါက်တယ်။ လူသေတာတော့မကြား။ ကိုယ့်အချင်းချင်းလည်း စစ်သားတွေ ပစ်ကြတယ်။ စစ်မတိုင်ချင်လို့ ပြန်လာတဲ့သူတွေကို ရေတပ်ထဲ အဝင်မခံပြန်လွတ်တယ်။ သပြုချိုင်၊  ဂျိတ္တောဖက်၊ ရေဖြူအိုင်ဖက်က ပြန်ဆုတ်လာတဲ့ စစ်သားတွေ တပ်ထဲအဝင်မတော့ဘူးလေ။ အချင်းချင်း ပစ်ခတ်တာတောင်ရှိတော့ ရွာသားတွေက ပြေးဖို့ပဲစဉ်းစားကြရတယ်။ တပ်ထဲမှာ အဝင်ကင်း၊ အလယ်ကင်း၊ အထွက်ကင်း ၃ ခုပဲရှိတော့တယ်။ ဘုတ်ပြားစစ်ရေယာဉ်တစ်စီးက တပ်ဆုပ်ရင် ကယ်ဖို့အဆင်သင့် ရေလယ်မှာ စောင့်နေတယ်” ဟု ရေတပ်နှင့် နီးစပ်သူ ဒေသခံတစ်ဦးမှပြောသည်။

ယခုရက်ပိုင်း၌ ကွင်းဝိုင်းရေတပ်သို့ သပြုချိုင်ဆိပ်ကမ်းမှဆုတ်ခွာလာသော စစ်ကောင်စီ တပ်သားများအား မလာရောက်နိုင်ရန် ရေတပ်အတွင်းမှလက်နက်ကြီးဖြင့် ဟန့်တား ပစ်ခတ်ခဲ့ရာ သပြုချိုင် ကျေးရွာနှင့် ကွင်းဝင်းကျေးရွာလမ်းပေါ်ရှိ အအေးခန်းစက်ရုံတစ်ခု၊ ရေခဲစက်တစ်ခုမီး လောင်ခဲ့ပြီး  မီးသတ်မည့်သူမရှိ၍ အပျက်အစီးများ ရှိကြောင်း ဒေသခံများက ပြောသည်။


သပြုချိုင်ဆိပ်ကမ်းမှ တိုက်ရေယာဉ်များသည်လည်း အေအေမှ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မည်ကို စိုးရိမ်ပြီး ဆိပ်ကမ်းမှခွာကာ မော်ရုံကျေးရွာအနီးရှိ  ကျောက်ဆောင်များကို ကျည်ကွယ် မျက်ကွယ်ယူကာ ရပ်နားနေကြကြောင်း ရေတပ်နှင့် နီးစပ်သူများက ဆိုသည်။

ရေတပ်တပ်မှူးမှာလည်း ထိုရေတပ်သင်္ဘောများနှင့် အတူရှိနိုင်သည်ဟု ၎င်းဒေသခံက ခန့်မှန်း ပြောဆိုသည်။

“တိုက်လို့ရတဲ့တိုက်ရေယာဉ်က သပြုချိုင်ဆိပ်ကမ်းမှာ ၅ စီးရှိတယ်။ ရှေ့မှာ အမြှောက် ၂လက် ကိုထောင်ထားတဲ့ရေယာဉ်မျိုးပေါ့။ လူအယောက် ၂၀ လောက်ပဲ ဆန့်တယ်။ အဲ့ဒီရေယာဉ်တွေက သပြုချိုင်ဆပ်ကမ်းမှာ အခု မရှိတော့ဘူး။  မော်ရုံရွာနားက ကျောက်ဆောင်တွေနားမှာ ကျည်ကွယ် မျက်ကွယ်ယူပြီး ပုန်းနေကြတယ်။ ရေတပ်မှူးက အဲဒီဖက်တိမ်းရှောင်သွားပြီလို သိရတယ်။  အဲဒီနေရာက ကျောက်ဆောင်တွေ ကွယ်နေတော့ ကမ်းပေါ်က တိုက်ရိုက်ပစ်ရင် မထိနိုင်ဘူးလေ။ တပ်အခေါ် ကျည်ကွယ်နေရာတဲ့။ တပ်မှူးက အသစ်နယ်မြေမ ကျွမ်းကျင်ဘူး။ ကျည်ကွယ် မျက်ကွယ်ရှာပြီးပုန်းနေတဲ့ သဘော ” ဟုဒေသခံတစ်ဦးမှပြောသည်။

ထို့အပြင် ဂျိတ္တောတစ်ဖက်ကမ်းရှိ ရေကျွန်း (ခေါ် ) ပုလဲကျွန်း ပေါ်တွင်လည်း စစ်ကောင်စီတစ်ရာကျော် ပိတ်မိနေပြီး ၎င်းတို့မှာ ဧရာဝတီတိုင်းမှ စစ်ကူလာသော စစ်သားများဖြစ်ကြပြီး ထိုအထဲတွင်  တပ်ရင်းမူး ဗျူဟာမူးများလည်း ပါဝင်ကြောင်း ဒေသခံများပြောသည်။

စစ်ကောင်စီသည်အေအေမှ ကွင်းဝိုင်းရေတပ်သို့မဝင်ရောက်နိုင်ရန် ဇလွန်-သပြုချိုင်လမ်းပေါ်ရှိ တံတား တချို့အားဖျက်ဆီးထားသော်လည်း အာရက္ခတပ်တော်မှာ ရေတပ်အနီးထိ ထိုးဖောက်ဝင်ရောက်လာခဲ့ကာ ကွင်းဝိုင်းရေတပ်အား  တောင်တန်းဘက်မှ ဖြတ်တောက် ပိတ်ဆို့ထားကြောင်း ဒေသခံများ၏ အပြောအရ သိရသည်။

ဆက်စပ် သတင်းများ