ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်ကောင်စီက ပင်လယ်ထွက် ငါးဖမ်းခွင့်မပေး၍ ရေလုပ်ငန်းလုပ်ကိုင်သူများ စားဝတ်နေရေး အခက်အခဲကြုံနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 474

စောရှင်မေ

နိရဉ္စရာ၊ ဩဂုတ် ၁/၂၀၂၄

ရခိုင်တွင် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းများကို စစ်ကောင်စီက ပိတ်ပင်ထားသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများနှင့် ရေလုပ်သားများမှာ အလုပ်လက်မဲ့ဖြစ်နေပြီး စားဝတ်နေရေး အခက်အခဲကြုံနေရကြောင်း ဒေသခံများက ပြောသည်။

 ရခိုင်ရှိ ကမ်းရိုးတန်းဒေသနေပြည်သူအများစုမှာ ရေလုပ်ငန်းများဖြင့်အသက်မွေးကြသော်လည်း တကျော့ပြန်တိုက်ပွဲပြန်လည်ဖြစ်ပွားသည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ ရေလုပ်ငန်းလုပ်ကိုင်သူများကို ပင်လယ်ပြင်ထွက်၍ငါးဖမ်းခြင်းအား စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခဲ့ကြောင်း သိရသည်။

 ရေလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသည့် ဂွမြို့နယ်တွင်ဆိုလျှင် ကမ်းနှင့် ၁၀ မိုင်အကွာအဝေးအတွင်း ငါးဖမ်းမထွက်ရန် ပိတ်ပင်ထားသည်မှာ လက်ရှိတွင် ၁၀ လခန့်ကြာမြင့်နေပြီဖြစ်၍ စားဝတ်နေရေး အခက်အခဲဖြစ်နေသည်ဟု ယင်းမြို့နယ်မှ ငါးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

 "အလုပ်အကိုင်မလုပ်ရတော့ အဆင်မပြေဘူးပေါ့။ ကျွန်တော်တစ်ယောက်တည်း ကျပ်တည်းတာမဟုတ်ဘူး။ ငါးဖမ်းလုပ်ငန်းလုပ်တဲ့သူ အကုန်လုံးပါပဲ"ဟု ပြောသည်။

 ထိုသို့ကမ်းဝေးငါးဖမ်းလုပ်ငန်းများကို စစ်ကောင်စီက မပိတ်ပင်မီ ၄င်းတို့တွင် တစ်လဝင်ငွေမှာ ကျပ်သိန်း ၃၀ ခန့်ရှိပြီး လုပ်သားများအနေဖြင့်လည်း တစ်လတွင် ၄/၅ သိန်းခန့် ရရှိခဲ့ကြသည်ဟု ဆိုသည်။

 လက်ရှိတွင် ၁၀ လခန့်ကြာရပ်ဆိုင်းထားရ၍ အလုပ်လက်မဲ့ဖြစ်နေကြပြီး မိသားစုစားဝတ်နေရေးအတွက် အလွန်ခက်ခဲနေကြောင်း ပြောသည်။

 ဂွမြို့နယ်အတွင်းရှိ ဆပ်သွားတံတားတွင်ဆိုလျှင် ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်ခန့်က စစ်ကောင်စီတပ်သားများ တပ်စွဲထားပြီး ကမ်းနီးတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများသည် ၎င်းတို့ထံ အမည်စာရင်းပေး၍ ငါးဖမ်းနေရသည့်အတွက် အချိန်ကြန့်ကြာမှုများရှိနေကြောင်း အထက်ပါငါးလုပ်ငန်းလုပ်ကိုင်သူက ဆက်ပြောသည်။

 "စစ်ကောင်စီကို သတင်းပို့။ လက်မှတ်ထိုး။ နာမည်စာရင်းပေးနေရတော့ လုပ်ချင်တဲ့အချိန်မှာလည်းလုပ်လို့မရဘူး။ လူများရင်များသလို စာရင်းပေးနေရတော့ ကြာတာပေါ့။ ၃ နာရီနဲ့ သွားရမယ့်ဟာကို ၅ နာရီကြာတယ်။ ရေခဲတွေကအရည်ပျော်ပြီး ငါးတွေကို ရေခဲရိုက်ရင် မနိုင်တာမျိုးဖြစ်တတ်တာပေါ့" ဟုပြောသည်။

 ထို့အပြင် ငါးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ပေါက်တောမြို့နယ်တွင်လည်း ငါး၊ ပုစွန်ကန်၊ ကဏန်းလုပ်ကိုင်သူများနှင့် ရေလုပ်သားများမှာ ရေလုပ်ငန်းကို ရပ်ထားရ၍ လက်ရှိတွင် စားဝတ်နေရေး အခက်အခဲဖြစ်နေရသည်ဟု နိရဥ္စရာကို ပြောသည်။

 ပေါက်တောမြို့နယ်မှ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက "ဒီအလုပ်တွေကို အဓိကလုပ်ကိုင်နေကြတာလေ။ အခုကရပ်ထားရတယ်။ ကိုယ်စားဖို့အတွက်ပဲ လုပ်တယ်။ အရင်းသွင်းပြီး လုပ်မယ်ဆိုရင်တောင် ဘယ်မှာရောင်းရမလဲ။ လမ်းတွေပိတ်ထားတယ်။ ဒိုင်တွေလည်း မသွင်းရဘူး။ အရင်ဆိုရင် တရုတ်ဘက်တွေလည်း ပို့တယ်လေ။ စားဝတ်နေရေးက ရှိတာထုခွဲပြီး ရောင်းစားရတာပေါ့။ အငှားမလုပ်ရတဲ့ သူတွေဆိုပိုဆိုးတာပေါ့"ဟု ပြောသည်။

 စားဝတ်နေရေးအလွန်ကျပ်တည်းလာ၍ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်မည်ဆိုလျှင်လည်း ပင်လယ်ပြင်တွင်ရပ်ထားသည့်စစ်နေဗီများမြင်ပါက ငါးဖမ်းစက်လှေများကို သေနတ်ဖြင့်လှမ်းပစ်မှုများလည်းရှိသည်ဟု ဆိုကြသည်။

 ကျောက်ဖြူမြို့နယ်မှ ရေလုပ်သားတစ်ဦးက "ရေလုပ်ငန်း လုပ်ကိုင်ဖို့သွားတဲ့အချိန်တွေမှာ စစ်ကောင်စီကနေပြီးတော့ လှမ်းပစ်တာတွေရှိတယ်။ ရေလုပ်သားတွေဟာ ရေလုပ်ငန်းကို လုပ်ကိုင်ခွင့်မရတော့ အမျိုးမျိုးရုန်းကန်နေကြရတယ်။ ကုန်ပစ္စည်းတွေကလည်း ဈေးတအားကြီးတယ်။ လူတွေကလည်း အလုပ်အကိုင်အခွင့်အလမ်းမရှိကြဘူး။ ဒါကြောင့် ကျန်းမာရေး၊ စားဝတ်နေရေးအခက်အခဲတွေကို ကျနော်တို့ ရင်ဆိုင်နေကြရတယ်" ဟုပြောသည်။

 မာန်အောင်ကျွန်းမှ ရေလုပ်ငန်းရှင်တစ်ဦးကလည်း "ကျနော်တို့ ရေလုပ်သားတွေက ဘာမှလုပ်လို့မရဘူး။ ‌စစ်ကောင်စီရဲ့ ဇက်၊ နေဗီ‌တွေရှိတယ်။ သူတို့က သွားလာခွင့်မပေးဘူး။ ရေလုပ်ငန်းကို လုပ်ကိုင်ခွင့်မပေးဘူး။ ရေလုပ်ငန်းကို မလုပ်ကိုင်ရတဲ့အတွက် ကျနော်တို့မှာ ဆုံးရှုံးနစ်နာမှုတွေ အများကြီးရှိတယ်။ လှေတွေကိုလည်း ကမ်းကိုတင်ထားရတယ်။ သားသမီးပညာရေးတွေလည်း ဒီရေလုပ်ငန်းကိုပြီး မှီခိုနေရတာ။ ဒါကြောင့်မို့ ရေလုပ်ငန်းကို လွတ်လွတ်လပ်လပ် လုပ်စားချင်ပါတယ်"ဟု ပြောသည်။

 ယင်းသို့ ပင်လယ်ပြင်အတွင်း ငါးများရှာဖွေခွင့်မရှိ၍ ဒေသတွင်းစားသုံးရန်လည်း ငါးများရှားပါးမှုနှင့်ကြုံနေရပြီး ငါးစျေးနှုန်းများလည်း ယခင်ထက် အဆမတန်မြင့်တက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်တွေဒေသခံအမျိုးသမီးတစ်ဦးက "အခု ငါးနဲ့မစားရတာကြာပြီ။ တစ်ခါတစ်လေ ရန်ကုန်ဘက်က သင်္ဘောနဲ့ဝင်ရင် ရေခဲငါးတွေစားရတယ်။ ငါးမဖမ်းရတော့ ငါးတွေမစားရဘူးပေါ့။ အရင်ဆို စျေးလည်းပေါတယ်။ စာချင်တာစား။ အခုက ပုဇွန်သေးသေးလေးတွေတစ်စုဝယ်တာတောင် ပိုက်ဆံ ၅၀၀၀၊ ၆၀၀၀၊ ၇၀၀၀ ပေးရတယ်။ ကြက်ဥနဲ့ ငါးခြောက်ပဲ စားရတာများတယ်။ အကုန်လုံးငတ်နေကြတာ"ဟု ပြောသည်။

စစ်တွေတွင် ယခင်က တကျော့ပြန်တိုက်ပွဲမဖြစ်မီ ဝက်သား ၁ ပိဿာကို ၁၅၀၀၀ ကျပ်၊ ကြက်ပေါင်တစ်ချောင်းကို ၁၅၀၀ ကျပ်၊ ကြက်ရင်အုံတစ်အုံကို ၁၅၀၀ ကျပ်၊ ကြက်ဥ ၁ ဥကို ၂၀၀/၂၅၀ ကျပ်ရှိခဲ့သည်။

လက်ရှိတွင် ဝက်သား ၁ ပိဿာကို ၄၈၀၀၀ ကျပ်၊ ကြက်ပေါင်တစ်ချောင်းကို ၇၀၀၀၊ ကြက်ရင်အုံတစ်အုံကို ၇၀၀၀၊ ယခင်က ၅၀၀၀ တန် ငါးတစ်ကောင်ကို ယခု ၁၅၀၀၀ ကျပ်၊ ကြက်ဥ ၁ ဥကို ၈၀၀/၉၀၀/၁၀၀၀ ကျပ်ရှိနေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကပင် ရခိုင်တွင် ငါးဖမ်းလုပ်ငန်းများကိုပိတ်ပင်ထားသလို ကုန်သွယ်ရေး၊ ဆက်သွယ်ရေး မပြုလုပ်နိုင်အောင်လည်း ကားလမ်း၊ ရေလမ်းများကို ပိတ်ဆို့ပြီး ဖုန်းလိုင်းများပါ ဖြတ်တောက်ထားသည်။

 အပြစ်မဲ့ ရခိုင်ပြည်သူများ အတိဒုက္ခရောက်ကာ အငတ်ဘေး ကျရောက်အောင်နှင့် ဆေးဝါးများပြတ်လပ်အောင် အစီအစဉ်ရှိရှိ ပိတ်ဆို့ဆောင်ရွက်ထားခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

 ဓာတ်ပုံ - ဓာတ်ပုံ-ရခိုင်မှ ရေလုပ်သားများအားတွေ့ရစဥ်။

ဆက်စပ် သတင်းများ