ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကျရောက်၍ မောင်တော ရွှေဇားရွာမီးလောင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

သဥ္ဇာနွယ်

နိရဥ္စရာ၊ သြဂုတ် ၁/ ၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအနီးအနားတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ရွှေဇားရွာထဲတွင် မီးလောင်နေကြောင်း သိရသည်။

ရွှေဇားကျေးရွာအနီးတွင် ယနေ့ သြဂုတ် ၁ ရက်၌ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ RSO လက်နက်ကိုင်တပ်ဖွဲ့ဝင်များ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှလည်း  လေကြောင်း၊ ရေကြောင်းမှ လက်နက်များပစ်ခတ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကျည်တစ်ချို့သည် ရွှေဇားရွာထဲကျရောက်ပေါက်ကွဲကာ ယနေ့ နံနက် ၁၀ နာရီခန့်မှစ၍ မီးလောင်ကျွမ်းလျက်ရှိသည်ဟု မောင်တောဒေသခံ မွတ်ဆလင်တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

 “တိုက်ပွဲကတော့ တနေ့ထက်တစ်တော့ ပြင်းလာတယ်လို့ပြောလို့ရတယ်။ စစ်ကောင်စီဘက်ကလည်း အစွမ်းကုန် လက်နက်ကြီးကျည်တွေနဲ့ ပစ်ကူပေးနေတယ်။ စစ်ကောင်စီက ပစ်တဲ့လက်နက်ကျည်တွေကျလို့ ဒီနေ့မနက် ၁၀ နာရီကတည်းက ရွှေဇားရွာမီးလောင်နေတယ်”ဟုပြောသည်။

 မီးလောင်မှုကြောင့် နေအိမ်ပျက်စီးမှုကို တိုက်ပွဲပြင်းထန်နေမှုကြောင့် အတိအကျမသိရသေးသော်လည်း မီးလောင်နေသည်မှာ မှန်ကန်သည်ဟု နောက်ထပ် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“စစ်ကောင်စီရဲ့ စစ်လေယာဥ်က ပစ်လိုက်လို့ လက်နက်ကျည်ကျပြီး မီးလောင်နေတာက မှန်ပါတယ်။ တိုက်ပွဲပြင်းနေတုန်းမို့ ဘယ်လောက်လောင်ကျွမ်းပျက်စီးသွားလဲဆိုတာ အတိအကျမသိရသေးဘူး။ လောလောဆယ် အိမ်နှစ်ဆောင်လောင်နေတယ်။ ဒီထက်လည်း များနိုင်ပါတယ်။ တိုက်ပွဲပြင်းလို့ သူတို့(စစ်ကောင်စီ)ဘက်က စစ်ကူလာပေးတဲ့အချိန်မှာ လက်နက်ကျလို့ မီးလောင်တာပါ” ဟု ပြောသည်။

မွတ်ဆလင်ကျေးရွာဖြစ်သည့် ရွှေဇားကျေးရွာသည် အိမ်ခြေ ၆၀၀ ကျော်ထက်မနည်းရှိပြီး တိုက်ပွဲပြင်းထန်လာမှုကြောင့် ရွာသူ/ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီဟု သိရသည်။

ဓာတ်ပုံ - မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်ရှိ အာရ်ဗီစာသင်ကျောင်းဆောင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်၊ နံနက်က မီးလောင်မှုဖြစ်ပွားခဲ့စဥ်။

ဆက်စပ် သတင်းများ