အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မိုးအဆက်မပြတ်ရွာသွန်း၍ မြစ်ရေကြီးသဖြင့် မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် ကျေးရွာများ ရေနစ်မြုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 745

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ သြဂုတ် ၂/၂၀၂၄

မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများမြင့်တက်လာမှုကြောင့် ရခိုင်ပြည်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များမှ ကျေးရွာများတွင် ရေနစ်မြုပ်နေသည်ဟု သိရသည်။

မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင်  လေးမြို့မြစ်ရေမြင့်တက်လာမှုကြောင့် လေးမြို့မြစ် အနီးရှိ ကျေးရွာများရေနစ်မြုပ်နေသည်ဟု သိရသည်။

၎င်းကျေးရွာများမှာ   မြောက်ဦးမြို့နယ်မှ ပိုးဖြူကျွန်း၊ စင်းဘောကိုင်း၊ ညောင်ပင်လှနှင့် မင်းပြားမြို့နယ်မှ ပန်းမြောင်း၊ ခွဆုံ၊ ပွဲရကန်ဆိပ်၊ ရွှေကျန်၊ ပြင်ယောင်းစသည့် ကျေးရွာများ ဖြစ်ကြသည်ဟု ပန်းမြောင်းကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"မိုးရွာတာက နှစ်ပတ်ကျော်လောက်ကြာနေပြီ။ မိုးကအဆက်မပြတ်ရွာနေတာလေ။ မြစ်ရေတွေ တိုးလာပြီးတော့ မနေ့က နေ့လယ်ပိုင်းကနေ အိမ်ခြံဝင်းထဲကို ရေတရိပ်ရိပ် တက်လာနေတာ။ မြေနိမ့်တဲ့ တခြားရွာတွေဆို ဟိုးအရင်နေ့တွေကနေ ရေနစ်နေကြပြီ။ ပန်းမြောင်းမှာဆိုရင်လည်း မြေနိမ့်တဲ့နေရာတွေက မြစ်ရေတွေဝင်ပြီး အိမ်ထဲထိတောင် ရောက်နေပြီ" ဟု ပြောသည်။

ယင်းအပြင် ဆက်၍မိုးအဆက်မပြတ်ရွာသွန်းပါက လေးမြို့မြစ်ရေပိုတိုးလာနိုင်ကာ ရေပိုတိုးလာနိုင်သဖြင့် ပို၍ နစ်မြုပ်လာမည်ကို စိုးရိမ်နေရသည်ဟု လည်း ၎င်းပြောဆိုသည်။

လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကိုအမှီပြုကာ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများမှာလည်း အခက်အခဲဖြစ်နေကြောင်း သိရသည်။

လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်ကာ ရေကြီးနေ၍ စိုက်ခင်းမှထွက်သည့် ဟင်းသီး၊ ဟင်းရွက်များကို အချိန်မတန်ဘဲ ခူးဆွတ်နေရပြီး ရေကြီးနေသည့်ကြားမှ ရောင်းချနေရသည်ဟု သိရသည်။

လေးမြို့မြစ်ကိုအမှီပြုလျက် စိုက်ခင်းစိုက်ပျိုးသူ အမျိုးသမီးတစ်ဦးက "ရေကြီးတော့ စိုက်ခင်းတွေအကုန်ပျက်ပြီလေ။ ရေမကြီးခင်ကနေ မိုးအဆက်မပြတ်ရွာနေတော့ တချို့အပင်တွေက စိမ့်ကိုင်ပြီးသေကြတယ်။ အခုရေကြီးနေတော့ ခရမ်းနဲ့ ငရုတ် စိုက်ခင်းတွေဆို ရေနစ်နေကြပြီ။ ရေခမ်းတာနဲ့ သူတို့လည်း သေမှာပဲ။ သူတို့က ပင်စည်ကို ရေနစ်လို့မရလို့ မြေဆွပြီးဘောင်တင်စိုက်ရတာ။ အခုလည်း ရေကြီးနေလို့ စိုက်ခင်းထဲကနေ အသီးအရွက်တွေအချိန်မတန်ဘဲ ခူးနေရတယ်။ ရေနဲ့အကုန်ပါသွားမှာစိုးလို့"ဟု ပြောသည်။



အလားတူ ကျောက်တော်မြို့နယ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကုလားတန် မြစ်ရေ မြင့်တက်လာမှုကြောင့် ယိုးချောင်းဒေသရှိ ကန်စောက်၊ ပန်းဖဲချောင်း၊ ချောင်းတူ၊ ခွဆုံနှင့် အုတ်သောင်ပြင်စသည့်ကျေးရွာများ ရေနစ်မြုပ်နေကြောင်း သိရသည်။

ခွဆုံရွာသားတစ်ဦးက "ကျနော်တို့ ခွဆုံရွာနဲ့ အနီးတဝိုက်ကရွာတွေ အကုန်မြုပ်ကုန်ပြီ။ ရေတွေက ၃ ပေ၊ ၄ ပေလောက်အထိတက်တယ်။ စပါးခင်းတွေလည်း စပါးစကြဲကတည်း ကနေ ခုထိ အပင်ကိုမမြင်ရသေးဘူး။ အကုန်မြုပ်နေတာ"ဟု ပြောသည်။

ယင်းအပြင် ကျောက်တော်နှင့် မြောက်ဦးကြားရှိ ကျေးရွာအများအပြားနှင့် စပါးခင်းများလည်း ရေနစ်မြုပ်လျက်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"ကျောက်တော်ကအထွက်မှာရှိတဲ့ ညောင်ချောင်းရွာကယ်ဆယ်ရေးစခန်းမှာဆို အကုန်ရေပြင်ပဲ။ အဆောင်တွေလည်း မြုပ်နေတယ်။ အနီးအနားရွာတွေလည်း မြုပ်နေတယ်"ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေခြင်းဖြစ်သည်။

ရခိုင်မှာ မိုးအဆက်မပြတ်သည်းထန်းစွာ ရွာသွန်းခြင်းကြောင်း ပြီးခဲ့သည့်ဇူလိုင်လ ၂၅ ရက်၊ မနက်အစောပိုင်းမှစတင်ကာ တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင်လည်း ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့်မြို့နယ်များတွင် စိုက်ပျိုးပြီးစ လယ်ဧက အမြောက်အများလည်း ပျက်စီးဆုံးရှုံးနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ခန့်မှန်ထားသည်။

ဓာတ်ပုံ - ဓာတ်ပုံ - လေးမြို့မြစ်အနီးရှိ ပန်းမြောင်းကျေးရွာ ရေနစ်မြုပ်နေမှုအားတွေ့ရစဥ်။ Photo - Ko Khine Aung Htoo Kyaw (ပေးပို့)

 

ဆက်စပ် သတင်းများ

မြောက်ဦးရေပြန်ကျ
  • Web Master
  • ၀၄ သြဂုတ် ၂၀၂၄
မြောက်ဦးရေပြန်ကျ