အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ရေးပြင်းထန်လာ၍ သံတွဲနှင့်ဂွမှ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအများအပြား ရန်ကုန်နှင့်ဧရာဝတီဘက်သို့ တိမ်းရှောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3k

သဉ္ဇာနွယ်

နိရဉ္စရာ၊ ဩဂုတ် ၂/ ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နှင့် ဂွမြို့နယ်တွင် စစ်ရေးပြင်းထန်လာနေသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဝန်ထမ်းအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းအများအပြားသည် ရန်ကုန်နှင့် ဧရာဝတီတိုင်းဘက်သို့ တိမ်းရှောင်နေကြသည်ဟု သတင်းရရှိသည်။

တိမ်းရှောင်နေကြသည့် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် ကျန်းမာရေးဌာနများမှ ဝန်ထမ်းများဖြစ်ကြသည်ဟု သိရသည်။

 သံတွဲမြို့တွင် ပြီးခဲ့သည့်လက တိုက်ပွဲပြင်းထန်နေခဲ့၍ ဂွမြို့သို့ စစ်ဘေးရှောင်လာကြသည့် စစ်ကောင်စီဝန်ထမ်းများနှင့် ဂွမြို့ရှိ စစ်ကောင်စီဝန်ထမ်းတို့သည် ရန်ကုန်အပါအဝင် ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းနှင့်‌ ရေကြည်မြို့နယ်ဘက်သို့ ဇူလိုင်လနောက်ဆုံးအပတ်မှစတင်ကာ တိမ်းရှောင်ပြောင်း‌ရွှေ့နေပြီဟု ဂွမြို့ခံ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

 "ဂွဘက်ကအများစုက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းကိုသွားကြတယ်။ ထွေအုပ်ကအကုန်လုံးမဟုတ်ပေမယ့် တချို့တဝက်က သွားပြီ။ ဂွမြို့နယ်က မီးသတ်တို့ဘာတို့ဆိုရင်လည်း ငသိုင်းချောင်းတို့၊ ရေကြည်ဘက်တို့ကိုပြောင်းထားတယ်။ တချို့ကတော့မိသားစုလိုက်ပြောင်းတာတွေရှိတယ်။ တချို့ကတော့ မိသားစုကိုပဲ ပြောင်းထားတာမျိုးရှိတယ်" ဟုပြောသည်။

 ဝန်ထမ်းအများစုမှာ  လတ်တလောစစ်ရေးအနေအထားအရ ပြောင်းရွှေ့ခံရမှုများရှိသလို တချို့မှာ စစ်ဘေးရှောင်အနေဖြင့် မိမိဆွေမျိုးရှိရာ နေရာသို့ ပြောင်းရွှေ့သွားကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

 ငသိုင်းချောင်းမြို့မှ ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက "ဒီရက်ပိုင်းတွေမှာ ဂွမြို့နယ်ဘက်က ဝန်ထမ်းတွေအသစ်ဝင်တာတွေ့တယ်။ တချို့ကတော့ မိသားစုတွေပါတယ်။ တချို့ ဝန်ထမ်းလိုင်းခန်းတွေမှာ အသစ်တွေဝင်တာ တွေ့တယ်။ ကျနော်တွေ့တာက မီးသတ်ဝန်းကျင်မှာ တွေ့ပါတယ်။ သူတို့ တာဝန်အရပြောင်း‌ ရွေ့ခံရတာလား။ စစ်ဘေးရှောင်ဖို့ခဏလားဆိုတာတော့ အသေးစိပ်မသိရဘူး"ဟု နိရဉ္စရာကို ပြောသည်။

 အာရက္ခတပ်တော်(AA)က သံတွဲမြို့နယ်တစ်လုံးကိုအလုံးစုံသိမ်းပိုက်နိုင်ရေး စစ်ရှိန်မြှင့်ပြီး တိုက်နေရသလို ဂွမြို့နယ်အတွင်းတွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်တင်းမာမှုများရှိလာ၍ ထိုမြို့နယ်နှစ်ခုမှ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများမှာ နေရာပြောင်းရွှေ့သွားကြခြင်းဖြစ်ကြောင်း သိရသည်။

ယခုပြောင်းရွှေ့နေကြသည့်ဝန်ထမ်းများတွင် အရာရှိများပါ/မပါကို မသိရဟုလည်း ဆိုကြသည်။

 ဂွမြို့ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှဝန်ထမ်းများဆိုလျှင် ပြီးခဲ့သည့် ဇွန်လကပင် ရုံးပိတ်ပြီး တိမ်းရှောင်ရွှေ့ပြောင်းသွားကြပြီဖြစ်သည်။

 သံတွဲနှင့် ဂွ ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်ထဲတွင် စစ်ရှုံးစစ်ကောင်စီသည် အရပ်သားမော်တော်ဘုတ်များကိုအသုံးပြု၍ ရေကြောင်းမှတစ်ဆင့် စစ်အင်အား ထပ်မံဖြည့်တင်းခြင်း၊ ရိက္ခာနှင့်စစ်လက်နက်ခဲယမ်းများကို သယ်ယူပို့ဆောင်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည့်အတွက် ရန်သူ၏ စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်နေမှုများကို အထောက်အကူပြုနေသော အရပ်ဘက်မော်တော်ဘုတ်များ၊ လောင်းလှေများသည် ဖော်ပြပါ ပင်လယ်ပြင်အတွင်း သွားလာနေခြင်းအား ယမန်နေ့ ဩဂုတ်လ (၁) ရက်မှစ၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က အကန့်အသတ်မရှိ အရေးပေါ် ပိတ်ထားလိုက်ပြီဟု AA က ယမန်နေ့က ထုတ်ပြန်ထားသည်။

 တစ်ဆက်တည်းတွင် အရပ်သားမော်တော်ဘုတ်များအနေဖြင့် စစ်ကောင်စီ၏ အကျပ်ကိုင်ဖိအားပေး ခိုင်းစေခြင်းမျိုးကို လိုက်နာဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုမျိုး မပြုလုပ်ကြရန်ကိုလည်း အရေးပေါ် စစ်ရေးလိုအပ်ချက်အရ အထူးသတိပေးသည်ဟု AA က ဆိုသည်။

 အကယ်၍ အရေးပေါ် ကျန်းမာရေး (သို့မဟုတ်) မဖြစ်မနေ သွားလာရမည့်ကိစ္စများရှိပါက သက်ဆိုင်ရာ၊ နီးစပ်ရာ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများကို ဆက်သွယ်၍ မိမိတို့ သတ်မှတ်ထားသော လမ်းကြောင်း၊ အမှတ်အသားများကို ပြုလုပ်၍ သွားလာကြရမည်ဖြစ်သည့်အပြင် မည်သူမဆို AA က လုံခြုံရေးယူထားသော နေရာများ၌ ကြည်ဖြူစွာ စစ်ဆေးခြင်းကို ခံယူရမည်ဟုလည်း ထုတ်ပြန်ထားသည်။

 သံတွဲမြို့၏ မြောက်ဘက်တွင်ရှိသော “တောင်ကုတ်မြို့” နှင့် တောင်ဘက်တွင်ရှိသော “ဂွ” မြို့ရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်းများအပါအဝင် သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စစ်စခန်းများအားလုံးကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု AA ထုတ်ပြန်ချက်က ဆိုထားသည်။

 ဓာတ်ပုံ - ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ၂၀၂၃ ခုနှစ်အတွင်းပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုအားတွေ့ရစဥ်။

ဆက်စပ် သတင်းများ