အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရန်ကုန်မှ စစ်တွေသို့ သယ်ဆောင်လာသည့် ကျပ်သိန်းထောင်ချီ တန်ဖိုးရှိသည့် ဆေးဝါးနှင့် လျှပ်စစ်ပစ္စည်းများ စစ်ကောင်စီနေဗီက ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 8.9k

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၃/၂၀၂၄
 
ရခိုင်ပြည်၊ စစ်တွေမြို့သို့ ရန်ကုန်မှတဆင့် ပုဂ္ဂလိက သင်္ဘောတစ်စီးဖြင့်သယ်ဆောင်လာသည့် ကျပ်သိန်းထောင်နှင့် ချီ၍ တန်ဖိုးရှိသည့် ဆေးဝါးများနှင့် လျှပ်စစ်ပစ္စည်းများကို တရားမဝင် ကုန်ပစ္စည်းများဟုဆိုကာ စစ်ကောင်စီ နေဗီက စစ်တွေအဝင်တွင် ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။

၎င်းကုန်ပစ္စည်းများမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်များကို ငွေကြေးပေးချေပြီး တရားဝင် သယ်ဆောင်လာသည့် ပစ္စည်းများဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရသဖြင့်  ဆေးဆိုင်ပိုင်ရှင်များနှင့် လုပ်ငန်းရှင်များတွင် တစ်ဦးစီလျှင် ကျပ်သိန်းထောင်ချီ၍ ဆုံးရှုံးနစ်နာသွားကြောင်း ၄င်းတို့နှင့်နီးစပ်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။

" ပြီးခဲ့တဲ့ အပတ်က ဖမ်းဆီးလိုက်တာပါ။  နေဗီကဖမ်းပြီးမှ ဆိပ်ကမ်းကိုပို့လိုက်တာ။ သင်္ဘောသားတွေကိုလည်း ဖမ်းထားတယ်လို့ သိရတယ်"ဟု ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့်ဆေးဝါးများတွင် အင်္ဂလိပ်ဆေးအမျိုးမျိုးနှင့် တိုင်းရင်းဆေးအမျိုးမျိုး ပါဝင်သည်ဟု ဆိုသည်။

အလားတူ ဖမ်းဆီးခံလိုက်ရသည့်လျှပ်စစ်ပစ္စည်းများတွင်လည်း ဆိုလာပြားများ၊ ဘတ်ထရီအိုးများနှင့် အခြားလျှပ်စစ်သုံးပစ္စည်းများ အများအပြားပါဝင်ကြသည်ဟု သိရသည်။



ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကုန်းလမ်းနှင့် ရေလမ်းတို့ကို တင်းတင်းကျပ်ကျပ်ပိတ်ထားသော်လည်း ရန်ကုန်နှင့် စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့သည့် ပုဂ္ဂလိက သင်္ဘောအချို့ကို စစ်ကောင်စီက တရားဝင် ပြေးဆွဲခွင့် ပြုပေးထားသည်။

အဆိုပါသင်္ဘောများပေါ်တွင် တင်ဆောင်မည့်ကုန်ပစ္စည်းများကိုလည်း ရန်ကုန်နှင့် စစ်တွေရှိ ဆိပ်ကမ်းအာဏာပိုင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆင့်ဆင့်စိစစ် စစ်ဆေးသလို ပိုက်ဆံများလိုသလောက်ကောက်ယူပြီးမှ တင်ပို့ခွင့်ပြုကြောင်း သိရသည်။

သို့ရာတွင် ယင်းသို့ အဆင့်ဆင့်စိစစ်မှုကိုခံယူပြီး လမ်းကြောင်းရှင်းပြီးမှ သယ်ဆောင်လာသည့် ဆေးဝါးများနှင့် လျှပ်စစ်ပစ္စည်းများကို ယခုကဲ့သို့ တရားမဝင်ကုန်ပစ္စည်းများဟုဆိုကာ ရုတ်တရက်ဖမ်းဆီးလိုက်ခြင်းကြောင့် ဆေးဆိုင်ပိုင်ရှင်များနှင့် လုပ်ငန်းရှင်များတွင် ထိခိုက်နစ်နာသွားကြရသည်။

ယင်းသို့ဖမ်းဆီးလိုက်ပြီးနောက် စစ်တွေတွင် ဆေးနှင့် လျှပ်စစ်ပစ္စည်းများ အဝင်မရှိဘဲ ပြတ်လပ်နေသလို ယခင်ရှိထားသည့်ဆေးဝါးများနှင့် လျှပ်စစ်ပစ္စည်းများသည်လည်း စျေးနှုန်းမြင့်တက်လျက်ရှိသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ဧရာဝတီတိုင်းမှ ရခိုင်သို့ စက်လှေများဖြင့် သယ်ဆောင်လာသည့် စားသောက်ကုန်များ၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများနှင့် ငွေလွဲငွေထုတ်လုပ်ရန် ငွေသားကျပ်သိန်းသောင်းနှင့်ချီတို့ကိုလည်း တရားမဝင်ကုန်ပစ္စည်းဟုဆိုကာ စစ်ကောင်စီ၏ တရားမဝင် ကုန်စည်တိုက်ဖျက်ရေးအဖွဲ့က ဧရာဝတီတိုင်း ချောင်းသာနှင့် ငပုတောမြို့နယ်တို့ရှိပင်လယ်ပြင်တို့တွင် ဖမ်းဆီးခဲ့သည့်ဖြစ်စဥ်အချို့လည်းရှိခဲ့သည်။

စက်လှေများနှင့် စက်လှေပေါ်ပါလာသူတို့သည်လည်း သက်ဆိုင်ရာနယ်မြေဒေသများတွင် ဖမ်းဆီးချုပ်နှောင်ခံနေရဆဲဖြစ်သည်။

ပြည်တွင်းတွင် တရားဝင်အသုံးပြုနေသည့် ကုန်ပစ္စည်းများနှင့် ငွေသားများကို ရခိုင်သို့ တင်ဆောင်ရာတွင် တရားမဝင် ကုန်ပစ္စည်းဟု စစ်ကောင်စီက သတ်မှတ်ပြီး ဖမ်းဆီးခြင်းမှာ အလွန်ယုတ်ညံ့သည့်လုပ်ရပ်ဖြစ်သည်ဟုလည်း ဒေသတွင်းပြောဆိုနေကြသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ဓာတ်ပုံ - ရန်ကုန်မှကုန်ပစ္စည်းများသယ်ဆောင်လာသည့်သင်္ဘောတစ်စီး စစ်တွေဆိပ်ကမ်းတွင်ရပ်နားထားသည်ကိုတွေ့ရစဉ်။ (Photo - သိကြားစေချင် ငွေသဇင်)

ဆက်စပ် သတင်းများ