Preview

အရပ်သား ၅ ဦးအား သတ်ဖြတ်သွားသည့် အာဆာအဖွဲ့ကို AAလိုက်လံရှင်းလင်းရာ ၉ ဦး အရှင်ဖမ်းမိပြီး အများအပြားတိုက်ပွဲအတွင်းသေဆုံး

သြဂုတ် ၀၃/ ၂၀၂၄ | ကြည့်ရှုသူ :10195
ရခိုင် သတင်း

(မောင်တောမြောက်ပိုင်းသွားလာခွင့် AAယာယီပိတ်ထား)

နောင်မင်းသူ၊ နိရဉ္စရာ၊ဩဂုတ် ၃ /၂၀၂၄

ဇူလိုင် ၃၁ ရက် ညနေပိုင်း အရပ်သား ၅ ဦးကို သတ်ဖြတ်သွားသည့်အာဆာ(ARSA) အဖွဲ့ကို အာရက္ခတပ်တော် (AA)က လိုက်လံရှင်းလင်းရာ ဩဂုတ် ၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးအာဆာအဖွဲ့ဝင် အများအပြားသေဆုံးကာ  ၉ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟုအေအေနှင့် နီးစပ်သည့် ခိုင်လုံသည့် သတင်းရင်းမြစ်အရ သိ၇သည်။

"မောင်တော-ကြိမ်ချောင်းလမ်းကိုဝင်ရောက်နေတဲ့ ARSAအဖွဲကို ရှင်းလင်းရေးလုပ်တာ။ ထိတွေ့ တိုက်ပွဲက ငါးခူရ နဲ့ ဖားဝပ်ချောင်းအနီး နေရာနှစ်ခုမှာ တိုက်ပွဲဖြစ်ပွားကြတယ်။ ဖားဝပ်ချောင်း အနီးမှာအာဆာ ၅ ဦးဖမ်းမိတယ်။ ငါးခူ၇ အနီးမှာ ၄ ဦးဖမ်းမိတယ်။ အများအပြား တိုက်ပွဲမှာ သေဆုံးကုန်တယ်”ဟု ၎င်းသတင်းရင်းမြစ်က ပြောကြားသည်။

ဇူလိုင်လ ၃၁ ရက် ညနေ  ၄ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ကံ့ကော်မြိုင်ကျေးရွာ မှ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာသို့ကုန်ပစ္စည်းများလာဝယ်သည့် ကုန်သည်ကားတစ်စီးအား ကျီးကန်းပြင် တောင်ရွာအနီး၌ အာဆာလက်နက်ကိုင်အဖွဲ့မှ အသင့်စောင့်ဆိုင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့် ကျောင်းဆရာမတစ်ဦးအအပါအဝင် အရပ်သား  ၅  ဦးသေဆုံးခဲ့၇ပြီး ၂ ဦးဒဏ်ရာ ရရှိသွားခဲ့၇သည်။

သေဆုံးသူများမှာ ဘူးသီးတောင်မြို့၊ အမှတ် (၄)ရပ်ကွက်မှ ကျောင်းဆရာမ ဒေါ်စိန်လှဖြူ (၅၅)နှစ်၊ ဦးကျော်မင်း(၅၅)နှစ်၊ ဦးဇော်ဇော်မင်း(ခ)ရွှေသက်ကို(၃၅)နှစ်၊ ကိုအောင်မြတ်စံ(၂၅)နှစ်နှင့်ကိုအောင်မျိုးစံ(၂၅)နှစ်တို့ဖြစ်ကြသည်။

၎င်းအခင်းဖြစ်ပွားပြီးနောက် အာဆာအဖွဲ့ကို အာရက္ခတပ်တော်ကလိုက်လံရှင်းလင်းရာ မောင်တော-ကြိမ်ချောင်း သွားလမ်း၌ အာဆာတပ်ဖွဲ့များနှင့်  အာရက္ခတပ်တော်တို့ အကြား ဩဂုတ်လ ၂ ရက်နေ့ညအချိန်၌ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သိ၇သည်။

၎င်းနောက် ဆက်လက် လိုက်လံတိုက်ခိုက်ချေမှုန်းရာမောင်တော-ကြိမ်ချောင်းလမ်းပေါ်ရှိ ဖားဝပ်ချောင်းနှင့် ငါးခူ၇တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအာဆာ ၉ ဦးကိုလက်၇ ဖမ်းဆီးနိုင်ခဲ့သည်။

လက်ရှိတွင် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ခရီးသွားလာခွင့်ကို  အန္တရာယ်ရှိနေသည့် အတွက် အာရက္ခတပ်တော်က သွားလာခွင့်ကို ယာယီ ပိတ်ထာသည်ဟု  မောင်တော မြောက်ပိုင်းတွင် နေထိုင်နေကြသည့်ဒေသခံများကပြောဆိုသည်။

ဒေသခံ တစ်ဦးက "ကုန်သည်ကားကို ARSA အဖွဲ့ကတိုက်ခိုက်ပြီးတဲ့နေ့ ကစပြီး ဒီနေ့အထိ လမ်းတွေအားလုံးကို AA ဖက်က ပိတ်ထားလိုက်တယ်။ ဘယ်ကိုမှသွားလာလို့မရဘူး။ တစ်ရွာက တစ်ရွာကိုလည်းသွားလို့မရဘူး။ ဒီလိုပိတ်လိုက်တာကောင်းတယ်။ အန္တရာယ် ရှိနေတော့ မသွားလာကြတာ အကောင်းဆုံးပါ။ အားလုံးရှင်းပြီးရင်တော့ ပြန်ဖွင့်ပေးမယ်ထင်ပါတယ်" ဟု ပြောဆိုသည်

မောင်တောမြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေအားလုံးတွင် စစ်ရှုံးထားသည့် စစ်ကောင်စီသည် သူတို့ကိုယ်တိုင် အကြမ်းဖက် အဖွဲ့အဖြစ်သတ်မှတ်ထားသည့်အာဆာအဖွဲ့အား လက်နက်များ တပ်ဆင်ကာ မောင်တောဒေသအား မတည်မငြိမ်ဖြစ်စေရန်  နည်းမျိုးစုံဖြင့် သွေးထိုးလုပ်ဆောင် လျက်ရှိနေသည်ဟု သိ၇သည်။

ထို့အတူ တစ်ခုတည်းကျန်ရှိနေသည့် နခခ(၅) တပ်ရင်းနှင့် မောင်တောမြို့  အာရက္ခတပ်တော် လက်ထဲ မကျရောက်စေရန် ARSA၊RSO နှင့် ARA အပါအဝင် မွတ်ဆလင်လူငယ်များအားစစ်သင်တန်းပေးပြီး အပြင်းအထန် ခုခံကာကွယ်လျှက်ရှိကြောင်း မောင်တောဒေသခံများက ပြောကြားသည်။

မောင်တောတိုက်ပွဲတွင် အာဆာခေါင်းဆောင် Ashad Ullah သေဆုံးသွားခဲ့သည်ဟုသတင်းထွက်နေပြီး စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင် ၃၀၀ ကျော်လည်း  ဇူလိုင်လ ၃၀ နေ့က မောင်တော မြို့ပတ်လည်တိုက်ပွဲ၌ ကျဆုံးသွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိ၇သည်။

စစ်ကောင်စီသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများမှလူငယ်များကို RSO နှင့် ပူးပေါင်းပြီးမောင်တောမြို့သို့ ခေါ်ယူပြီး စစ်သင်တန်း (၂) ပတ်ပေးကာ လက်နက်တပ်ဆင်ပြီး  AA ကို တိုက်ခိုက်ခိုင်းနေသဖြင့် စစ်ရေးအတွေ့အကြုံမရှိသည့် လူငယ်အများအပြားမှာတိုက်ပွဲအတွင်း  သေဆုံးကုန်သည်ဟု သိ၇သည်။

(ဓာတ်ပုံ- ပုံဟောင်းသာ)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.