Preview

မြောက်ဦး၊ မင်းပြား၊ ကျောက်တော် ဆက်လက်ရေကြီးနေ

သြဂုတ် ၀၃/ ၂၀၂၄ | ကြည့်ရှုသူ :717
ရခိုင် သတင်း

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ သြဂုတ် ၃/ ၂၀၂၄

ရခိုင်ပြည်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များရှိကျေးရွာအများအပြားတွင် မြစ်ရေများဆက်လက်မြင့်တက်နေမှုကြောင့် ရေကြီးရေလျှံမှုဆက်လက်ဖြစ်ပွားနေသည်ဟု သိ၇သည်။

လေးမြို့မြစ်ရေဆက်လက်မြင့်တက်လာနေ၍ ယနေ့သြဂုတ်လ ၃ ရက်၊မနက်ပိုင်းမှစတင်ကာ မြောက်ဦးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဆင်ချဆိပ်၊ တောင်ရပ်၊ကြက်ဈေး၊ အလယ်ဈေးရပ်ကွက်တို့တွင် ရေကြီးရေလျှံနေသည်ဟု သိ၇သည်။

ထိုသို့ရေကြီးနေ၍ ရေဘေးသင့်ပြည်သူများမှာ ကုန်းမြင့်ရာနေရာများ၊ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ပြောင်းရွေ့နေထိုင်နေကြရပြီး လက်ရှိတွင်
 အရေးပေါ် စားနပ်ရိက္ခာများလိုနေကြောင်း မြောက်ဦးမြို့မှ ကိုဝင်းလှိုင်က နိရဥ္စရာကို ပြောသည်။

"အိမ်တွေရေနစ်နေလို့ ပြောင်းလာကြတဲ့ ရေဘေးသင့်ပြည်သူတွေက အခုဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ပြောင်းရွေ့နေရတယ်။ ရေတွေအကုန်နစ်နေတော့ထမင်းချက်စားမရလို့ အရေးပေါ်စားနပ်ရိက္ခာတွေလိုအပ်နေတယ်။ ပြီးတော့ စောင်တွေနဲ့ ခြင်ထောင်တွေ။ပြီးတော့ မိုးကလည်း အဆက်မပြတ်ရွာနေတော့ မိုးခိုဖို့ တာပေါ်လင်စတွေလည်းအရေးပေါ်လိုအပ်နေတယ်" ဟု ပြောသည်။

လေးမြို့မြစ်ရေမြင့်တက်မှုကြောင့်
 မြောက်ဦးမြို့ထဲတွင် လက်ရှိ မြေနိမ့်ပိုင်းနေရာများ၌ ရေ ရပေခန့်အထိမြင့်တက်နေသည်ဟု သိ၇သည်။


အလားတူ
 မြောက်ဦးမြို့နယ်လေးမြို့မြစ်ကမ်းအနီးရှိ ပိုးဖြူကျွန်း၊ စင်းဘောကိုင်း၊ ညောင်ပင်လှ၊ စေတီကုန်း၊မြကျွန်း၊ ဆင်အိုးကြီး၊ ရွာမနီ၊ ရွှေထွန်းဖြူ၊ မောင်သာကုန်း၊ရွာဟောင်းတောစသည့်ကျေးရွာများတွင် ရေကြီးနေ၍ ဘုန်းကြီးများတွင်ပြောင်းရွေ့နေထိုင်နေကြရပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း သိ၇သည်။

ယင်းအပြင်
 လေးမြို့မြစ်ကမ်းအနီးရှိ မင်းပြားမြို့နယ်ရှိ ပန်းမြောင်း၊ ခွဆုံ၊ ပွဲရကန်ဆိပ်၊ ရွှေကျန်၊ပြင်ယောင်းစသည့် ကျေးရွာများတွင်လည်း ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်၊ နေ့လယ်ပိုင်းမှစတင်ကာ လေးမြို့မြစ်ရေမြင့်တက်၍ ရွာအချို့ ဘေးလွတ်ရာသို့ရွေ့ပြောင်းနေကြရသည်ဟုသိ၇သည်။

ကုန်းမြင့်ရာနေရာများနှင့် ဘုန်းကြီးကျောင်းများသို့ ယမန်နေ့သြဂုတ်လ ၂ ရက် ညတွင်းချင်းပင် ရွေ့ပြောင်းနေထိုင်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင်အရေးပေါ်စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိ၇သည်။

မင်းပြားမြို့နယ်၊ ခွဆုံကျေးရွာမှ ဒေသခံတစ်ဦးက "ကျွန်တော်တို့အခုဘုန်းကြီးကျောင်းတွေမှာ ပြောင်းနေကြရပါတယ်။ အိမ်တွေလည်း အကုန်နစ်နေပြီ။ခေါင်မိုးတွေပဲ ရေထဲပေါ်နေတယ်။ အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။ အဓိကတော့စားနပ်ရိက္ခာတွေပါ။ ရေကြီးတော့ ဟိုပြောင်းရွေ့ ဒီပြောင်းရွေ့နဲ့ဘာမှချက်စားလို့မ၇ဘူး" ဟု ပြောသည်။



ထို့အတူ ကျောက်တော်မြို့နယ်တွင်လည်းမိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ကုလားတန်မြစ်ရေမြင့်တက်၍ ရေကြီးနေပြီး သရက်တစ်ပင်၊ရွှေသလဲ၊ ပြင်လှ၊ ညောင်းချောင်းနှင့် ယိုးချောင်းအနီးရှိ ကန်စောက်၊ ဝါးတောင်၊ပန်းဖဲချောင်း၊ ခမောင်းတော၊ ချောင်းတူ၊ မီးရပ်ပြင်၊ အုတ်သောင်ပြင်၊ ခွဆုံစသည့်ကျေးရွာများလည်းရေနစ်မြုပ်ကာ အရေးပေါ်စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိ၇သည်။

ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာမှ ကျေးရွာသားတစ်ဦးက"အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။ ရေကြီးတာကလည်းနှစ်ရက်လောက်ရှိနေပြီဆိုတော့ စားနပ်ရိက္ခာအပြင် ခြင်ထောင်တွေပါလိုအပ်နေပါတယ်"ဟု ပြောသည်။

ရခိုင်တွင် ဇူလိုင်လ တတိယအပတ်မှစတင်ကာမိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခြင်းကြောင်း မြစ်ရေတိုးကာ မြောက်ဦး၊ မင်းပြား၊ကျောက်တော်မြို့နယ်တို့တွင် ရေကြီးနေခြင်းဖြစ်သည်။


ဆက်၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပါက မြစ်ရေများထပ်တိုးကာရေပိုတိုးလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်မှာ မိုးအဆက်မပြတ်သည်းထန်းစွာ ရွာသွန်းခြင်းကြောင့် ပြီးခဲ့သည့်ဇူလိုင်လ၂၅ ရက်၊ မနက်အစောပိုင်းမှစတင်ကာ တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်နှင့်သံတွဲမြို့နယ်တို့တွင်လည်း ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - ရေကြီးနေသည့် မြောက်ဦးမြို့အား ယနေ့သြဂုတ်လ ၃ ရက်၊မနက်ပိုင်းက တွေ့၇စဥ်။ (Photo - Thi Ri Worn Hlaing and Thein Win)

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.