(စစ်တပ်နှင့်ဌာနဆိုင်ရာဝန်ထမ်းများအတွက် မလှိမ့်တပတ်ဖြင့် ပေးပို့ခြင်းသာဖြစ်ဟုဆို)
ကြိုင်ဟိန်းလင်း
နိရဉ္စရာ၊ ဩဂုတ်၃ / ၂၀၂၄
ပြည်သူများအတွက်ဟုဆိုကာစစ်ကောင်စီက ရခိုင်ပြည်၊ စစ်တွေမြို့သို့ ဆန်အိတ် ၇၉၀၀ ခန့်အပါအဝင် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ရေကြောင်းမှတဆင့် ပေးပို့လိုက်ကြောင်း သိ၇သည်။
ယမန်နေ့ သြဂုတ် ၂ရက်တွင် ရန်ကုန်မှ စစ်တွေသို့ သင်္ဘောတစ်စီးဖြင့်ပေးပို့လိုက်ခြင်းဖြစ်သည်ဟု ယနေ့သြဂုတ် ၃ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
ယခုပေးပို့လိုက်ရာတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကပေးပို့သည့် ဆန် ၂၄ပြည်အိတ် ၇၈၉၇ အိတ်နှင့် ၇ခိုင်ပြည်စစ်ကောင်စီအဖွဲ့က မှာယူထားသော ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအပါအဝင် စုစုပေါင်း ၄၀၄ ဒသမ ၇၅ တန်ပါဝင်သည်ဟု သိ၇သည်။
အဆိုပါပစ္စည်းများသည်ပြည်သူများအတွက်မဟုတ်ဘဲ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများအတွက်သာဖြစ်သည်ဟု လေ့လာစောင့်ကြည့်နေသည့်စစ်တွေဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာကို ပြောသည်။
"ဒါကတော့ပြည်သူတွေအတွက်မဟုတ်ဘူး။ သူတို့ရဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေ။ လောလောဆယ် စစ်တွေမှာလည်ပတ်နေသေးတဲ့ သူတို့ ယန္တရားထဲမှာရှိနေပြီး အလုပ်လုပ်နေကြတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေအတွက်ပဲဖြစ်တယ်။ ပြည်သူတွေအတွက် တင်ဆောင်လာတာတော့လုံး၀မဟုတ်ဘူး" ဟု ဆိုသည်။
လက်ရှိစစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေမြို့တွင် ပြည်သူများသည် အငတ်ဘေးနှင့်ရင်ဆိုင်ရမည့်အနေအထားကို ကြုံတွေ့နေရသော်လည်း ပြည်သူများကိုလျစ်လျူရှုကာသူတို့လက်အောက်ခံလူတစ်စုအတွက်သာ စစ်ကောင်စီက ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။
၇ခိုင်တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တကျော့ပြန်တိုက်ပွဲများဖြစ်ပြီးနောက်စစ်ကောင်စီက ဒေသတွင်း ကုန်းလမ်း၊ ရေလမ်းတို့ကို တင်းကျပ်စွာပိတ်ထားခဲ့သည်။
ယင်းသို့ပိတ်ထားချိန်တွင်ပြည်သူများအတွက်ဟုဆိုကာ စစ်ကောင်စီက ယခုကဲ့သို့ကုန်သင်္ဘောများဖြင့် ရန်ကုန်မှစစ်တွေသို့ကုန်ပစ္စည်းများ အကြိမ်ကြိမ် ပို့ဆောင်ပေးခဲ့သော်လည်း ထိုပစ္စည်းများမှာပြည်သူများလက်ထဲသို့ရောက်လာခြင်းမရှိခဲ့ဖူးဟု မြို့ခံအိမ်ရှင်မတစ်ဦးက နိရဥ္စရာကိုပြောသည်။
"မရှိဘူး။မရှိဘူး။ အဲလိုမျိုး ပြည်သူတွေဆီ ရောက်လာတာမရှိဘူး။ သူတို့ဟာသူတို့ယူနေကြတာ"ဟု ပြောသည်။
စစ်ကောင်စီ၏ကန့်သတ်ပိတ်ဆို့မှုများကြောင့် စစ်တွေဒေသခံ အခြေခံလူတန်းစားများမှာအငတ်ဘေးနှင့်ရင်ဆိုင်နေရခြင်းနှင့် ဆေးဝါးများပြတ်လပ်နေသည့်အတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုမခံရခြင်း စသည့် ဒဏ်နှစ်ရပ်လုံးကို တစ်ပြိုင်တည်း ခံစားနေကြ၇သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီးရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို နိရဥ္စရာကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။
တစ်ဘက်တွင်လည်းစစ်ကောင်စီသည် ၎င်းတို့ လက်အောက်ခံ လူတစ်စုအတွက် ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများကို သယ်ယူနေသော်လည်း ပြည်သူများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ခက်ခက်ခဲခဲသယ်ယူနေကြသည့် ပြည်သူပိုင်ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများကိုမူတရားမဝင်ကုန်ပစ္စည်းများဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးလျက်ရှိသည်။
ပြီးခဲ့သည့်အပတ်ကလည်းစစ်တွေသို့ ကျပ်သိန်းပေါင်းထောင်နှင့်ချီတန်ဖိုးရှိ ဆေးဝါးအမျိုးမျိုးနှင့်လျှပ်စစ်ပစ္စည်းများ တရားဝင် တင်ဆောင်လာသည့် ပုဂ္ဂလိကပိုင်သင်္ဘောတစ်စီးကိုလည်းစစ်ကောင်စီက ဖမ်းဆီးလိုက်သည်။
ထိုကဲ့သို့ဖမ်းဆီးမှုကြောင့် လုပ်ငန်းရှင်များတွင် ထိခိုက်နစ်နာမှုများရှိသလို ဆေးဝါးပြတ်လပ်သည့်ဒဏ်ကိုလည်း ပြည်သူများအလူးအလဲခံစားနေကြ၇သည်။
အလားတူဧရာ၀တီတိုင်းဘက်မှ ရခိုင်သို့ သယ်ဆောင်သည့် ဆေးဝါးများ၊ စက်သုံးဆီများ၊စားသောက်ကုန်များနှင့် ငွေလွှဲငွေထုတ်လုပ်ရန် ငွေသားကျပ်သိန်းပေါင်းသောင်းနှင့်ချီတို့ကိုလည်း ဧရာ၀တီတိုင်းဘက်မှမထွက်ခွာမီ စစ်ကောင်စီကတင်းတင်းကျပ်ကျပ်ပိတ်ဆို့ဖမ်းဆီးလျက်ရှိသည်။
ယင်းစက်လှေပေါ်တွင်စက်သုံးဆီဒီဇယ် ၄ ပေပါ၊ အချိုမှုန့် ၂၅ ကီလိုဂရမ်ပါအိတ် ၇ အိတ်၊ စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းမျိုးစုံ ထည့်ထားသော ပီနမ်အိတ် ၂၈ ထုပ်တို့ပါဝင်ပြီး ရခိုင်ပြည်၊ဂွမြို့နယ်ရှိ ကျိန္တလီမြို့သို့ ပို့ဆောင်ရန်ပြင်ဆင်နေချိန် ဖမ်းဆီးခံလိုက်၇ခြင်းဖြစ်သည်။
ဓာတ်ပုံ-စစ်ကောင်စီက ပေးပို့လိုက်သည့်ဆန်အိတ်များအား စစ်တွေသို့သယ်ဆောင်ရန်သင်္ဘောပေါ်တင်နေစဥ်။ (Photo-MOI)