Preview

တောင်ကုတ်တွင် လစာထုတ်၍ ပြန်လာသည့် သူနာပြုနှစ်ဦးနှင့် ကျောင်းဆရာမသားမိ စစ်ကောင်စီဖမ်းဆီး

သြဂုတ် ၀၃/ ၂၀၂၄ | ကြည့်ရှုသူ :1519
ရခိုင် သတင်း

ကံ့ကော်နီနီ

နိရဉ္စရာ၊ ဩဂုတ် ၃ / ၂၀၂၄

ရခိုင်ပြည်၊တောင်ကုတ်မြို့သို့ လစာထုတ်၍ ပြန်လာသည့် သူနာပြုဆရာမ ၂ ဦး၊ ကျောင်းဆရာမတစ်ဦးနှင့်အရွယ်မရောက်သေးသည့် ကလေးငယ်တစ်ဦးတို့ကိုစစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်းသတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာတောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာမှ ဂျီပြင်ကျေးရွာတွင်တာဝန်ကျနေသည့် သူနာပြုမမိုးစန္ဒာ(၂၄)နှစ်နှင့် သူနာပြု ဒေါ်သီသီလွင်၊ကျောင်းဆရာမတစ်ဦးနှင့်၄င်း၏ ကလေးငယ်တို့ဖြစ်ကြောင်းသိ၇သည်။

၄င်းတို့ကိုဇူလိုင်လ ၃၁ ရက်၊ ညနေပိုင်းက တောင်ကုတ်မြို့တွင် လစာထုတ်ပြီးတာဝန်ကျရာကျေးရွာသို့ပြန်ရာတွင် တောင်ကုတ်မြို့၊ ခမ၇(၃၄၆) တပ်ရင်းထွက်၀ဖုန်ညိုတံတားစစ်ဆေးဂိတ်တွင် စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသူနာပြုများနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ မြို့ခံတစ်ဦးက နိရဉ္စရာသို့ပြောသည်။

"လစာထုတ်ပြီးအပြန်မှာဖုန်ညိုစစ်ဆေးရေးဂိတ်မှာဖမ်းထားတယ်လို့ သိရတယ်။ သူနာပြုတစ်ယောက်နာမည်ကတော့မိုးစန္ဒာတဲ့။ ဂျီပြင်ရွာမှာတာဝန်ကျနေတာ။ သူနဲ့အတူနောက်ထပ်သူနာပြုတစ်ယောက်၊ကျောင်းဆရာမတစ်ယောက်နဲ့ ကလေးလေးတစ်ယောက်ကိုပါဖမ်းဆီးထားတယ်" ဟု ပြောသည်။

ဖမ်းဆီးခံရသည့်ထဲမှကလေးငယ်မှာ ကျောင်းဆရာမ၏ ကလေးငယ်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

"ဆရာမကလည်းဂျီပြင်ကပဲလို့ သိရတယ်။ ကလေးလေးကတော့ ဆရာမရဲ့ကလေးလေးပါ" ဟု ပြောသည်။

လက်ရှိတွင်စစ်ကောင်စီတပ်က ဖမ်းဆီးထားသူများကို ခမ၇ (၅၄၄)တပ်ရင်းထဲတွင်ထိန်းသိမ်းထားပြီး ယနေ့ဩဂုတ်လ ၃ ရက်၊ နေ့လယ်ပိုင်းထိပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိ၇သည်။

ပြီးခဲ့သည့်ဇူလိုင် ရ ရက်၊ နေ့လယ်ပိုင်းကလည်း တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်အုပ်စု၊သာယာအေးကျေးရွာမှ ဦးဘလူးချေ(ခ)ကိုကျော်ဝင်းနိုင်(၃၂)နှစ်နှင့်တောင်ကုတ်မြို့မတိုက်နယ်၊ ဝဲကြီးရွာမှ ဦးကျောက်ဖြူ (၄၀)နှစ်တို့ကိုစစ်ကောင်စီ၏တပ်ရင်းတစ်ခုဖြစ်သည့် တောင်ကုတ် ခမ၇ (၅၄၄)က တောင်ကုတ်မြို့နယ်၊ဝဲကြီးရွာရှိ ဦးကျောက်ဖြူ၏နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။ 

သူတို့နှစ်ဦးနှင့်တစ်လခန့်ကြာသည်အထိ မိသားစုဝင်များ အဆက်အသွယ်မရဖြစ်နေကြောင်း သိ၇သည်။

ရခိုင်တွင်စစ်ရှုံးနေသည့်စစ်ကောင်စီသည် အရပ်သားပြည်သူများအပြင်၄င်း၏ပညာရေးဝန်ထမ်းများအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများကိုပါ မထင်လျှင် မထင်သလိုဖမ်းဆီးမှုများရှိလာနေသည်။

ဇူလိုင်လ ၂၃ရက်ကလည်း အမ်းမြို့၊ အမှတ် (၃)ရပ်ကွက်တွင် ဘော်ဒါဆောင်ဖွင့်လှစ်သင်ကြားနေသည့်အလယ်တန်းပြကျောင်းဆရာတစ်ဦးကို စစ်ကောင်စီကဖမ်းဆီးပြီး နှိပ်စက်ညှဥ်းပန်း၍စစ်ဆေးရုံတွင်တင်ထားရကြောင်း မြို့ခံများထံမှ သိရှိ၇သည်။

ဓာတ်ပုံ -တောင်ကုတ်မြို့တွင်းတစ်နေရာအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်က တွေ့၇စဥ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.