ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျိန္တလီမြို့ ချင်းကွင်းတံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးပြီးနောက် စစ်ဆေးရေးဂိတ်ဖွင့်ကာ ပြည်သူများထံက တရားမဝင်ငွေကောက်ခံနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 588

လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ သြဂုတ် ၃ / ၂၀၂၄

သံတွဲမြိုနှင့်ကျိန္တလီမြို့ကြား ကားလမ်းပေါ်ရှိ ချင်းကွင်းတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးပြီးနောက် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ သံတွဲမြို့ဖက်မှ စစ်ရှောင်လာသည့် စစ်ရှောင်များထံမှ လူတစ်ဦးလျှင် ကျပ်တစ်သောင်းအထိ တရားမဝင် ငွေကောက်ခံနေကြောင်း ဖြတ်သန်းခဲ့ရသည့် စစ်ရှောင်များထံမှသိရသည်။

အဆိုပါဂိတ်သည် ချင်းကွင်းတံတားအား စစ်တပ်က မဖျက်ဆီးခင်က ထိုသိုစစ်ဆေးတောင်း ယူမှုမရှိခဲ့ဘဲ ချင်းကွင်းတံတားကို ဇူလိုင် ၂၅ ရက်နေ့ မိုင်းခွဲဖျက်ဆီးပြီးနောက်ပိုင်းမှ သံတွဲစစ်ရှောင်များထံမှ တရားမဝင် ငွေကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။

“ အခုတံတားကျိုးသွားတော့ သံတွဲဖက်ကစစ်ရှောင်တွေက ချောင်းကို လှေတွေနဲ့ဖြတ်ကူးပြီးတော့မှ ဆိုင်ကယ် ကယ်ရီတွေနဲ့ ချင်ကွင်းဂိတ်ကိုဖြတ်ရတာ။ အဲ့ဒီမှာ လူတစ်ယောက် ကို တစ်သောင်း ပေးရတယ်။ ပစ္စည်း အခြေအနေ၊လူအခြေအနေကြည့်ပြီး ပိုပေးရတဲ့သူတွေလည်း ရှိတယ်။ ကျွန်မက တစ်သောင်း ပေးခဲ့ရတယ်။ သားလေး ၂ ယောက်အတွက် တောင်းယူချင်သေးတာ။ တောင်းပန်ပြီး မယူဖို့ပြောခဲ့ရတယ်” ဟုစစ်ရှောင်အမျိုး သမီးတစ်ဦးမှပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် ကားများကိုဖြတ်သန်းခွင့်မပြုပဲဆိုင်ကယ်များနှင့် ခြေလျင်လျှောက်သူများ၊ သုံးဘီးဆိုင်ကယ်များကိုသာဖြတ်သန်းခွင့်ပြုပြီး စစ်ကောင်စီတပ်သားများနှင့် မည်သည့်ဌာနကမှန်း မသိရသော အရပ်ဝတ်နှင့် လူတချို့ကပါ စစ်ဆေးခြင်း၊ ငွေတောင်ခံခြင်း များလုပ်ဆောင်နေ ကြခြင်းဖြစ်ကြောင်းသိရသည်။


ဒေသခံတစ်ဦးက “ဆိုင်ကယ်တစ်စီးကို ဖြတ်သန်းခ ၃ထောင်ပေးရတယ်။ သုံးဘီးတစ်စီးငါးထောင်။ စက်လှေနဲ့ တင်လာပြီး ဆိုင်ကယ်စီးပြီးဖြတ်ရန် ဆိုင်ကယ်အတွက်သီးသန့်စကားပြောရတယ်။  ၃ထောင်ထပ်ပေးရတယ်။ ၂ ထောင်ပေးခဲ့ရတာလည်း ရှိတယ်၊ လူအတွက်ရောဆိုင်ကယ်အတွက်ရောပေးရတယ်” ဟု ပြောသည်။

သံတွဲမြို့ပေါ်နှင့်ကျေးရွာများမှ ဂွမြို့၊ကျိန္တလီမြို့များသို့ စစ်ဘေးတိမ်းရှောင်လာသူများအား ထိုကဲ့သို့ ငွေတောင်းယူလျက်ရှိရာ တချို့စစ်ရှောင်များသည် ငွေရေးကြေးရေးခက်ခဲနေသော်လည်း ဖမ်းဆီးမည်ကို ကြောက်လန့်၍ ပေးဆောင်နေကြရသည်ဟု သိရသည်။

အလားတူ ဧရာ၀တီတိုင်းသို့ အဝင်လမ်းတစ်လျှောက်တွင်လည်း ဂိတ်အသီးသီးက တရားမဝင် ငွေကြေး ကောက်ခံနေမှုကြောင့် စစ်ဘေးရှောင်များ၏ ရှေ့ဆက်မည့်လမ်းခရီးအတွက် အခက်အခဲဖြစ်ပေါ်နေသည်ကို  တွေ့ရကြောင်း ဒေသခံ စစ်ရှောင်ကူညီနေသူတစ်ချို့ကပြောသည်။

လက်ရှိ ဂွမြို့နယ်နှင့် ကျိန္တလီမြို့ပေါ်တွင် သံတွဲမြို့နယ်မှ စစ်ဘေးရှောင် ၂၀,၀၀၀ ခန့်ရှိနေပြီး စားဝတ်နေရေး အကူအညီများ လိုအပ်နေကြောင်းသိရသည်။

တိုက်ပွဲများ ဖြစ်မည်ကို စိုးရိမ်၍ ဂွမြို့နယ်နှင့် ဂွမြို့ပေါ်က လူများလည်း ဧရာ၀တီတိုင်းသို့ ရွှေ့ပြောင်းမှုများ ရှိနေပြီး အထူးသဖြင့် စစ်တပ် တပ်ရင်းများအနီးတွင် တည်ရှိသည့် ကျေးရွာများမှ လူများ ပြောင်းရွှေ့ မှုရှိနေသည်ဟု ဆိုသည်။

သံတွဲမြိုနှင့် ဂွမြို့နယ် အကြား ကားလမ်းပေါ်မှ တံတား တစ်စင်းဖြစ်သည့် ချင်းကွင်းတံတားအား စစ်ကောင်စီ တပ်မှ ဇူလိုင် ၂၅ ရက်နေ့ ညနေနှင့် ၂၆ ရက်နံနက်ပိုင်းတို့တွင်  မိုင်းခွဲဖျက်ဆီးပြီးနောက် ချင်းကွင်းရွာတွင် တပ်စွဲထားသည့် စစ်ကြောင်းမှ ထိုသို့ဂိတ်ဖွင့်ကာ တရားမဝင် ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်းသိရသည်။

ပုံစာ- သံတွဲမှ ဂွမြို့နယ်နှင့်ကျိန္တလီမြို့သို့စစ်ရှောင်လာသူများအားတွေ့ရစဉ်/ ဓာတ်ပုံ-ကျော်ကြီး

ဆက်စပ် သတင်းများ