စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

ရခိုင်တွင် အာရက္ခတပ်တော် (AA)မှ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

စောရှင်မေ၊ နိရဉ္စရာ၊ ဩဂုတ် ၃/၂၀၂၄

ရခိုင်ပြည်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော် ရေဘေးသင့်ပြည်သူများအား အာရက္ခတပ်တော် ( AA) က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး ဆန်နှင့် ရိက္ခာများလည်း ထောက်ပံ့ ကူညီမှုများ ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

" လက်ရှိ ရေဘေးသင့်တဲ့ ကျေးရွာတွေက လူတွေကို အာရက္ခတပ်တော်က ကယ်ဆယ်ရေး လုပ်နေပါတယ်။ ကုန်းမြင့်တဲ့နေရာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို ရွှေ့နေပါတယ်။ တချို့ရွာတွေဆိုရင် ရေတွေတက်လာတဲ့ အတွက် အန္တရာယ်ကျနေရောက်နိုင်တာကြောင့် အေအေရဲ့ အစီအစဉ်နဲ့ ရွှေ့ပြောင်းနေတာဖြစ်ပါတယ်" ဟုပြောသည်။

လက်ရှိ ရေကြီးနေသည့်  မြို့နယ်များရှိ ကျေးရွာအများအပြားတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (AA) တို့မှ ကယ်ဆယ်ရေးအပြင် ဆန်နှင့် ရိက္ခာများအား ထောက်ပံ့ကူညီမှုများကိုလည်း ပြုလုပ်နေသည်ဟု သိရသည်။

ယနေ့သြဂုတ်လ ၃ ရက်၊ မနက်ပိုင်းမှစတင်ကာ မြောက်ဦးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဆင်ချဆိပ်၊ တောင်ရပ်၊ ကြက်ဈေး၊ အလယ်ဈေးရပ်ကွက်တို့တွင် တချို့နေ့ရာတွင် ရေအနည်းငယ် ကျဆင်း သွားသည် ဟုလည်းသိရသည်။


မြောက်ဦးမြို့၊ကျောက်ရာဇ်ကေရပ်ကွက်မှ အမျိုးသမီးတစ်ဦးက " ဒီနေ့ ၅ နာရီလောက်မှာ ကြေညာသွားတယ်။ မနက်ဖြန် အိမ်တိုင်းက အုပ်ချုပ်ရေးမှူးအိမ်ကို ထမင်းပို့ရမယ်တဲ့။ ရေဘေးသင့် ကယ်ဆယ်ရေးတွေတွက်ပေါ့ " ဟုပြောသည်။

ထိုရေဘေးသင့်ပြည်သူများမှာ ကုန်းမြင့်ရာနေရာများ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ပြောင်းရွေ့နေထိုင်နေကြရပြီး ကလေးနှင့် သက်ကြီးရွယ်အိုများကိုလည်း အာရက္ခတပ်တော် (AA)က ရွေ့ပြောင်း ကူညီပေးခဲ့ကြောင်း သိရသည်။

လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် မြောက်ဦးမြို့ထဲတွင် လက်ရှိ မြေနိမ့်ပိုင်းနေရာများ၌ ရေ ၇ ပေခန့်အထိမြင့်တက်နေသည်ဟု သိရသည်။

အလားတူ မြောက်ဦးမြို့နယ် လေးမြို့မြစ်ကမ်းအနီးရှိ ပိုးဖြူကျွန်း၊ စင်းဘောကိုင်း၊ ညောင်ပင်လှ၊ စေတီကုန်း၊ မြကျွန်း၊ ဆင်အိုးကြီး၊ ရွာမနီ၊ ရွှေထွန်းဖြူ၊ မောင်သာကုန်း၊ ရွာဟောင်းတောစသည့် ကျေးရွာများတွင် ရေကြီးနေ၍ ဘုန်းကြီးများတွင် ပြောင်းရွေ့နေထိုင်နေကြရကြောင်းလည်း သိရသည်။


ယင်းအပြင် လေးမြို့မြစ်ကမ်းအနီးရှိ မင်းပြားမြို့နယ်ရှိ ပန်းမြောင်း၊ ခွဆုံ၊ ပွဲရကန်ဆိပ်၊ ရွှေကျန်၊ ပြင်ယောင်းစသည့် ကျေးရွာများတွင်လည်း ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်၊ နေ့လယ်ပိုင်းမှစတင်ကာ လေးမြို့မြစ်ရေမြင့်တက်၍ ရွာအချို့ ဘေးလွတ်ရာသို့ရွေ့ပြောင်းနေကြရသည်ဟု သိရသည်။

ကုန်းမြင့်ရာနေရာများနှင့် ဘုန်းကြီးကျောင်းများသို့ ယမန်နေ့ သြဂုတ်လ ၂ ရက် ညတွင်းချင်းပင် ရွေ့ပြောင်းနေထိုင်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် အရေးပေါ်စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ ခွဆုံကျေးရွာမှ ဒေသခံတစ်ဦးက "ကျွန်တော်တို့ အခုဘုန်းကြီးကျောင်းတွေမှာ ပြောင်းနေကြရပါတယ်။ အိမ်တွေလည်း အကုန်နစ်နေပြီ။ ခေါင်မိုးတွေပဲ ရေထဲပေါ်နေတယ်။ အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။ အဓိကတော့ စားနပ်ရိက္ခာတွေပါ။ ရေကြီးတော့ ဟိုပြောင်းရွေ့ ဒီပြောင်းရွှေ့နဲ့ ဘာမှချက်စားလို့မရဘူး" ဟု ပြောသည်။

ထို့အတူ ကျောက်တော်မြို့နယ်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ကုလားတန် မြစ်ရေမြင့်တက်၍ ရေကြီးနေပြီး သရက်တစ်ပင်၊ ရွှေသလဲ၊ ပြင်လှ၊ ညောင်းချောင်းနှင့် ယိုးချောင်းအနီးရှိ ကန်စောက်၊ ဝါးတောင်၊ ပန်းဖဲချောင်း၊ ခမောင်းတော၊ ချောင်းတူ၊ မီးရပ်ပြင်၊ အုတ်သောင်ပြင်၊ ခွဆုံစသည့်ကျေးရွာများလည်း ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။


ရခိုင်တွင် ဇူလိုင်လ တတိယအပတ်မှစတင်ကာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခြင်းကြောင်း မြစ်ရေတိုးကာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့နယ်တို့တွင် ရေကြီးနေခြင်းဖြစ်သည်။

ဆက်၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပါက မြစ်ရေများထပ်တိုးကာ ရေပိုတိုးလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်မှာ မိုးအဆက်မပြတ်သည်းထန်းစွာ ရွာသွန်းခြင်းကြောင့် ပြီးခဲ့သည့်ဇူလိုင်လ ၂၅ ရက်၊ မနက်အစောပိုင်းမှစတင်ကာ တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင်လည်း ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့သည်။

 

ဓာတ်ပုံ - APM နှင့် တစ်ခြားပို့စ်များ

ဆက်စပ် သတင်းများ