အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျိန္တလီမြို့ရှိ စစ်ကောင်စီတပ်စခန်းများမှ သေနတ်ပစ်သံများထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ သြဂုတ် ၄ / ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် ယမန်နေ့ ည ၁၀ နာရီကျော်ခန့်က စစ်ကောင်စီတပ်စခန်းရှိရာ နေရာများမှ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်စခန်းများ တပ်စွဲထားရာ ချင်းကွင်း၊ ကသိုင်းကွင်း၊ ကျိန္တလီ၊ ကုလားပြင် (ရတနာပြင်) စသည့် နေရာများမှ ၄၅ မိနစ်ခန့် လက်နက်ငယ်များပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ပစ်ခတ်သံများကြောင့် ကျိန္တလီဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်သွားခဲ့ကြသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ သူတို့ဟာ သူတို့ပစ်ခတ်တာပါ။ လက်နက်ကြီးသံတွေတော့ မဟုတ်ဘူး။ လက်နက်ငယ်တွေနဲ့ ပစ်တာပါ။ ပစ်ခတ်သံတွေ တရစပ်ကြားရတော့ မြို့လူထုက တိုက်ပွဲဖြစ်ပွားတယ်ထင်ပြီး ထိတ်လန့်သွားကြတယ်" ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် လက်နက်ငယ်များ ပစ်ခတ်ရန် ဒေသခံပြည်သူလူထုအား တစုံတရာအကြောင်းကြားထားခြင်းလည်း မရှိသည့်အတွက် စိုးရိမ်ထိတ်လန့်မှု မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

သံတွဲမြို့နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားလာချိန်ကစတင်ပြီး တောင်ကုတ်၊ သံတွဲ၊ ဂွ စသည့်မြို့နယ်များမှ ဒေသခံများမှာ ဧရာဝတီ၊ ရန်ကုန် စသည့်ဒေသများသို့ ပြောင်းရွေ့တိမ်းရှောင်လျက်ရှိကြသည်။

သို့သော်လည်း
 စစ်ရှောင်သွားရန် အခက်အခဲဖြစ်နေကြသည့် အခြေခံလူတန်းစားများမှာ ကျိန္တလီတွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင့်ကြနေကြသည်ဟု သိရသည်။

ကျိန္တလီီမြို့သည် လက်ရှိ အေအေသိမ်းပိုက်ထားသည့် သံတွဲမြို့မှ မိုင် ၄၀ အကွာ သံတွဲ- ဂွ ကားလမ်းပေါ်တွင်တည်ရှိသည်။

 

စစ်ကောင်စီသည် အေအေထိုးစစ်ဆင်လာပါက အဆိုပါမြို့မှ ခုခံရန် အကြီးအကျယ် ပြင်ဆင်မှုများပြုလုပ်ထားသည်ဟု သိရသည်။

 

ဆက်စပ် သတင်းများ