အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရသေ့တောင်မှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ စားဝတ်နေရေး ကျပ်တည်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 610

သဉ္ဇာနွယ်

နိရဉ္စရာ၊ ဩဂုတ် ၅/ ၂၀၂၄

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် စားဝတ်နေရေးအကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ရသေ့တောင်မြို့နှင့် နယ်ကျေးရွာများရှိ စစ်ဘေးရှောင်များသည် မိမိတို့နေရပ်သို့ သွားရောက်နေထိုင်ခွင့်မရသေး၍ ဆွေမျိုးများရှိရာ မြို့နယ်တွင်းရှိ ‌ကျေးရွာတွင်သာ စစ်ဘေးရှောင်နေရပြီး အလုပ်အကိုင်ရှားပါးမှုကြောင့် စားဝတ်နေရေး အကျပ်အတည်းနှင့် ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"မြို့ထဲကိုလည်း ဝင်လို့မရသေးဘူး။ သူများရွာမှာပဲ စစ်ဘေးရှောင်နေရတုန်းပါ။ အလုပ်အကိုင်ကလည်း မယ်မယ်ရရမရှိဘူး။ ကူညီပေးမယ့်သူလည်း မရှိတော့ အဓိက စားဝတ်နေရေးအတွက်အဆင်မပြေတာ။ မိသားစုကများတော့ ကြုံရာကျပန်းလုပ်နေရတယ်"ဟု ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားသည့် ရသေ့တောင်မြို့ပေါ်သို့လည်း ပြန်လည်နေထိုင်ခွင့်မရသေးဟု သိရသည်။

စစ်ဘေးရှောင်နေကြသည့် ကျေးရွာများတွင်ဆိုလျှင် နေရပ်ပြန်သွားကြသည့်ကျေးရွာအချို့ရှိသော်လည်း ကျေးရွာအများစု၏အနီးအနားများနှင့် တောတောင်များတွင် မြေမြှုပ်မိုင်းများမရှင်းလင်းရသေးသည့်အတွက် နေရပ်မပြန်နိုင်သေးဟု သိရသည်။

တချို့ဆိုလျှင် ဆေးဝါးရှားပါးမှုကြောင့် စစ်ရှောင်ရင်း အသက်ဆုံးရှုံးသွားသူများပင်ရှိနေသည်ဟု နောက်ထပ် ရသေ့တောင်ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

"တခုခုဖြစ်ရင် ‌ဆေးရုံ၊ ဆေးခန်းမရှိဘူး။ တချို့ ကုသလို့ရတဲ့နေရာတွေရှိပေမယ့် ဆေးဝါးအခက်အခဲ၊ ငွေကြေးအခက်အခဲ တွေရှိကြတယ်။ လူတွေက ဘေးသင့်နေတယ်။ တချို့သက်ကြီးပိုင်းတွေဆို စစ်ရှောင်ရင်း ကျန်းမာရေးမကောင်းလို့ ဆေးဝါးမကုသနိုင်တာရယ်၊ ငွေကြေးမတတ်နိုင်တာကြောင့်ရယ် အသက်ဆုံးသွားကြရတယ်" ဟုပြောသည်။

ယင်းအပြင် ကုန်စည်တင်ပို့မှုများနှင့် ကုန်းလမ်း၊ ရေလမ်းတို့ကို စစ်ကောင်စီကပိတ်ပင်ထား၍ ကုန်စျေးနှုန်းများလည်း အဆမတန်မြင့်တက်နေပြီး စစ်ရှောင်များတွင် အလွန်တရာအကျပ်အတည်ဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နှင့် အနီးဆုံးနေရာတွင် တည်ရှိသည့် သောင်းဒြား၊ ရွာသစ်ကေ၊ ခနောင်းကြီးနှင့် ရသေ့တောင်တောင်ပိုင်းရှိ ကျေးရွာများမှာ အလုပ်အကိုင်ရှားပါးမှု၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအခက်အခဲကြောင့် အကူအညီပေးမှုများမရရှိခြင်း၊ ကုန်ဈေးနှုန်းကြီးမားခြင်းနှင့် ဆေးဝါးရှားပါးမှုဒဏ်ကိုခံနေရကြောင်း ဒေသခံများက ပြောသည်။

ရသေ့တောင်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ မြို့နယ်အတွင်းရှိ ကျေးရွာသားအများအပြားသည် နေရပ်စွန့်ခွာထွက်ပြေးနေကြရသလို ကုန်းလမ်းနှင့် ရေလမ်းဆက်သွယ်ရေးများကို ပိတ်ဆို့ခံထားရသည်။

စစ်တွေမြို့ မြောက်ဘက် မိုင် (၂၀) အကွာတွင် တည်ရှိသည့် ရသေ့တောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်း (၃) ခုစလုံးကို အာရက္ခတပ်တော်(AA)က မတ်လ ၁၇ ရက်‌တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

ဓာတ်ပုံ - ရခိုင်ရှိ ရေနစ်မြုပ်နေသည့် စစ်ဘေးရှောင်စခန်းတစ်ခုအားတွေ့ရစဥ်။

ဆက်စပ် သတင်းများ