အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် အသတ်ခံခဲ့ရသည့် ခမီလူမျိုး ၇ ဦးအတွက် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် မိသားစုများတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၆/၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မှ လူနည်းစု ခမီလူမျိုး ၇ ဦးကို သတ်ဖြတ်သွားခဲ့သည့် အာဆာ (ARSA) အကြမ်းဖက် အဖွဲ့ကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူရန် ကျန်ရစ်သူ ဇနီးများနှင့် မိသားများက တောင်းဆိုလိုက်သည်။

အသတ်ခံရသူ ဦးကျော်လှ၏ဇနီး ဒေါ်မစံက "ကျမယောက်ျားကို သေနတ်ပစ်တဲ့ ဒဏ်ရာနဲ့ တွေ့ပါတယ်။ ဓားနဲ့ခုတ်ထားတဲ့ ဒဏ်ရာလည်းတွေ့ပါတယ်။ အခုလို သတ်ဖြတ် သွားသူတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက တရားမျှတမှုရရှိအောင် လုပ်ပေးစေလိုပါတယ်။ ကျူးလွန်သူ အာဆာတွေကို အရေးယူပေးစေချင်ပါတယ်"ဟု ပြောသည်။

သတ်ဖြတ်ခံလိုက်ရသူများ၏ ဇနီးသည်များနှင့်  နိရဥ္စရာက ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်တွင် ဘူးသီးတောင်မြို့သို့ သွားရောက်တွေ့ဆုံ မေးမြန်းစဥ် ယခုကဲ့သို့ သူမက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

သတ်ဖြတ်ခံရသူ ခမီလူမျိုး ၇ ဦးမှာ ဘူးသီးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ဂန္ဓာရီ ကယ်ဆယ်ရေး စခန်းမှ ဖြစ်ကြပြီး ဇူလိုင်လ ၁၇ ရက်၊ နံနက် ၁၁ နာရီတွင် ဘူးသီးတောင် မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးရှိ တောတောင်ထဲသို့ မျှစ်သွားချိုးရန် သွားရောက်ကြရမှာ အာဆာအဖွဲ့ဝင်များ၏ ဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

၎င်းတို့မှာ ဦးဦးလှထွန်း(၄၅)နှစ်၊ ဦးကျော်လှ(၅၄)နှစ်၊ ဦးမောင်ထွန်း(၃၅)နှစ်၊ ဦးအောင်ကြီး (၅၀)နှစ်၊ ဦးမောင်မောင်(၃၅)နှစ်၊ ဦးထွန်းနိုင်ဦး(၂၉)နှစ်နှင့် ဦးကြာထွန်းဦး(၃၀)နှစ်တို့ ဖြစ်ကြသည်။

အသတ်ခံရသူ ဦးအောင်ကြီး၏ဇနီး ဒေါ်မထွေးစိန်က "ကျမယောက်ျားကို လည်ပင်းကို ဓားနဲ့ ခုတ်ထားတယ်။ သေနတ်ပစ်ထားတဲ့ဒဏ်ရာတွေလည်းတွေ့ပါတယ်။ ကျူးလွန်သူတွေကို ကမ္ဘာ့မှာရှိတဲ့ အဖွဲ့အစည်းတွေက အရေးယူပေးစေချင်ပါတယ်"ဟု ပြောသည်။

သတ်ဖြတ်ခံရသူ ၇ ဦးအထဲမှ လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံထားရသော ဦးဦးလှထွန်း၊ ဦးကျော်လှနှင့် ဦးမောင်ထွန်းတို့ (၃) ဦး၏ ရုပ်အလောင်းများအား ဇူလိုင်လ ၁၉ ရက်၊ မွန်းတည့် (၁၂)နာရီခန့်တွင် လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် ရှာဖွေတွေ့ရှိခဲ့သည်။

နောက်ထပ် ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦးနှင့် ဦးကြာထွန်းဦးတို့ကိုလည်း ဇူလိုင်လ ၂၀ ရက်၊ နေ့လယ် (၁)နာရီခန့်တွင် ယင်းရွာအနီး၌ပင် ရှာဖွေတွေ့ရှိခဲ့သည်ဟု အာရက္ခတပ်တော် (AA) ဇူလိုင်လ ၂၁ ရက်တွင်ထုတ်ပြန်ထားသည်။

"ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင်နေထိုင်ကြသော ၎င်းအပြစ်မဲ့ပြည်သူ ခမီလူမျိုး (၇) ဦးတို့မှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသူများဖြစ်ပြီး ဝမ်းရေးအတွက် ဟင်းရှာ  သွားကြစဉ်အတွင်း ဖက်ဆစ်စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးထားသော မွတ်ဆလင် လက်နက်ကိုင်များ၏ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်"ဟု ထုတ်ပြန်ချက်အထဲတွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်၊ ညနေ ၄ နာရီခန့်ကလည်း ဘူးသီးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်မှ စစ်ရှောင်ပြည်သူ ၇ ဦး စီးလာသည့် တေပါ ကားတစ်စီးကို  မောင်တောမြို့နယ် မြောက်ပိုင်းတွင် အာဆာလက်နက်ကိုင် အဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းကိုခံသဖြင့် ထိုအထဲက ကျောင်းဆရာမတစ်ဦး အပါအဝင်  ၅ ဦးသေဆုံးခဲ့ပြီး၂ ဦး အသက်ရှင် လွတ်မြောက်ခဲ့သည်။

ထိုပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဆာအဖွဲ့မှာ ရုပ်သံဖိုင်ကို တရားဝင် ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ