စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

မောင်တောနတ်မြစ်ဝရှိ မောင်နီစခန်းအား AA သိမ်းပိုက်ထိန်းချုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.2k

နောင်မင်းသူ၊ နိရဉ္စရာ၊ဩဂုတ် ၆ /၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့၊ နတ်မြစ်ဝရှိမောင်နီကျေးရွာ စစ်ကောင်စီစခန်းအား အာရက္ခတပ်တော် (AA) သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်း၌ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း  မျက်မြင် ဒေသခံ မွတ်ဆလင်များက ပြောသည်။

မောင်နီကျေးရွာဒေသခံမွတ်ဆလင်တစ်ဦးက "မောင်နီစခန်းကို AA က ဒီနေ့ မနက်မှာ သိမ်းလိုက်ပြီ။ နယ်ခြားစောင့်တွေ‌ ခြံစည်းရိုးအတိုင်း တပ်‌နောက်ဆုတ် ထွက်ပြေးသွားကြတယ်။ ခြံစည်းရိုးနားက သင်္ချိုင်းဇရပ်မှာ စခန်းချခိုလှုံနေကြတယ်။ မောင်နီရွာနဲ့ ရပ်ကွက် (၂) မီးစက် ခွဆုံ သွားလမ်း စာသင်ကျောင်းကနယ်ခြားစောင့်တွေနဲ့ AAတပ်ဖွဲ့ တွေဒီ‌ နေ့တစ်နေ့လုံး တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေကြတယ်။ ရွာသား‌တွေဘယ်သူမှ အပြင်မထွက်ကြဘူး။‌ ဈေးဆိုင်တွေလည်း ပိတ်ထားတယ်။" ဟု ပြောကြားသည်။

မောင်တောမြို့ရှိစစ်‌ကောင်စီ၏လက်ကျန် ရေကြောင်းစခန်းတစ်ခုဖြစ်သည့်  နတ်မြစ်ဝ မောင်နီ‌ ကျေးရွာရှိ စစ်ကောင်စီ‌ ရေကြောင်းဝင်/ထွက်စခန်း အား AAဖက် မှ ဩဂုတ်လ ၄ ရက်နေ့မှစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဩဂုတ်လ ၅ ရက် နံနက်၌သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မောင်တောသို့ စစ်ကောင်စီ၏ လက်နက်ခဲယမ်း ရိက္ခာများ တင်ပို့နေခဲ့သည့် ရေကြောင်းစခန်းများ ဖြစ်ကြတဲ့ မကျည်းချောင်းစခန်း၊ ကညင်ချောင်းစီးပွါးရေးဇုန်စခန်းနှင့် အောင်ဗလ ချောင်းဝစခန်း များအား အာရက္ခတပ်တော်အေအေဖက်မှ သိမ်းပိုက်လိုက်ပြီးနောက်  စစ်ကောင်စီ၏ လက်ကျန် ရေကြောင်း စခန်းနှစ်ခုအနက်တစ်ခုဖြစ်သည့် မောင်နီစခန်းအား သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

" စစ်ကောင်စီ ကမ်းထိုးရေယာဉ်တွေ နတ်မြစ်အတွင်းကို မလာဝံ့ကြတော့ဘူး‌။ အေအေ ဖက်က ဒရုန်းတွေနဲ့ လိုက်ပြီး ဗုံးချ တိုက်ခိုက်တယ်။ ကမ်းထိုး‌ ရေယာဉ်တွေ စိန်မာတိန်ကျွန်းအနီး မြန်မာ‌-ဘင်္ဂလာ ရေပိုင်နက်ကြားမှာရပ်ပြီးလက်နက်၊ ခဲယမ်း၊ ရိက္ခာတွေကိုစက်‌လှေတွေနဲ့ တစ်ဆင့်ခံသယ်ယူ နေကြရတာ။ အေအေဖက်ကလည်းစက်လှေတွေကိုပါ ဒရုန်းတွေနဲ့ဗုံးချတိုက်ခိုက်တယ်။ မောင်နီ ချောင်းဝစခန်းကို သိမ်းလိုက်ပြီး။ ဘုတ်ဆိပ်POEဝင်/ထွက်စခန်း ကိုလည်းAAဖက်ကဆက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ POEစခန်းမှာညအချိန်ဆို  စစ်‌ကောင်စီတပ်ဖွဲတွေ မနေဝံ့ကြတော့တဲ့ အဆင့်ကို‌ ရောက်သွားပြီ" ဟု ပြောဆိုသည်။

ဇူလိုင် ၂၇ ရက်နေ နှင့်  ၃၀ နေ့များ၌မောင်တောဘုတ်ဆိပ်POEဝင်/ထွက်စခန်းအား အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်မူကြောင်း နယ်ခြားစောင့်အရာရှိ ၁ ဦအပါအဝင် စစ်ကောင်စီဘက်က အကျအဆုံးများ ရှိခဲ့သည်ဟုလည်း သိရသည်။

မောင်နီစခန်းသိမ်းပိုက်ရရှိမှုအပေါ် အေအေနှင့် နီးစပ်သည့် ခိုင်မာသော သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာသတင်းဌာနကို အတည်ပြုပြောဆိုသည်။

လက်ရှိတိုက်ပွဲများမှာမြို့ထဲအထိ ဖြစ်ပွားနေသလို ဒေသခံများလည်း မြို့ထဲက​နေ ဘေးလွှတ်ရာကို  ထွက်ပြေးနေကြသည်ဟု သိရသည်။

လက်ရှိ မောင်တောမြို့ အရှေ့ဘက် ၂ မိုင်ခွဲခန့် အကွာ နခခ (၅) ကိုလည်း အာရက္ခတပ်တော်ကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က အခြေအနေမကောင်းဖြစ်နေသည်ဟု သိရသည်။

ပုံစာ- မောင်တောမြို့မှ စစ်ကောင်စီစခန်းတစ်ခုကို တွေ့ရစဉ်။

ဆက်စပ် သတင်းများ