တနင်္ဂနွေ၊ စက်တင်ဘာလ ၁၅ရက်၊ ၂၀၂၄

သံတွဲမှတ်ပုံတင် သတန (နိုင်) ကိုင်ဆောင်သူများကို သံတွဲမြို့ကို ပြန်ဝင်ရောက်ခွင့် စစ်ကောင်စီတားမြစ်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ သြဂုတ် ၆ / ၂၀၂၄

သံတွဲမှတ်ပုံတင် သတန (နိုင်) ကိုင်ဆောင်သူများကို ရန်ကုန်နှင့် ဧရာ၀တီတိုင်းဘက်ကနေ သံတွဲမြို့သို့ ဝင်ရောက်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားလိုက်ပြီ ဖြစ်ကြောင်း ခရီးသွားလာနေသူ ဒေသခံများထံမှ သိရသည်။

“ အရင်ကလည်း သံတွဲကလူတွေကို ပြန်ပြီးဝင်ခွင့်မပြုတော့ဘူးလို့ကြားနေတာ မနေ့က တကယ် ခွင့်မပြုတော့ဘူး။  ဘယ်နေ့ပြန်ဝင်ခွင့် ပြုမယ်ဆိုတာ အတိအကျမသိရဘူး၊ အေအေတွေက ဂွရိုးဘက်က ဝင်မယ်သတင်းကြားလို့တဲ့ သတနနိုင်တွေကို အဝင်မခံတော့ဘူး။  ရန်ကုန်ကနေ သံတွဲပြန်မယ့်သူတွေ မှတ်ပုံတင်မှာ သတန (နိုင်) ဆိုရင် ဂွမြို့ကနေ တားထားတာ။ အဝင်မခံတော့တာပါ” ဟု သြဂုတ် ၅ ရက်နေ့တွင် ခရီးသွားလာခဲ့သူတစ်ဦးမှပြောသည်။

လက်ရှိတွင် ကျိန္တလီ မြို့၊ဂွမြို့ မှတ်ပုံတင် ကိုင်ဆောင်ထားသူများအား စစ်ကောင်စီမှ သွားလာခွင့် ပြုထားပြီး သံတွဲ သတန (နိုင်) မှတ်ပုံတင် တမျိုး ကိုသာဝင်ခွင့်မပြုခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် ၁၁/သတန နိုင်ကိုင်ဆောင်သူများအား သံတွဲကနေ ဂွမြို့နယ်ကို ဖြတ်ကျော်ပြီး ရန်ကုန်နှင့် ပြည်မ သို့ထွက်ခွာသွားလာခွင့်ပြုထားပြီး တခြားမှတ်ပုံတင်ကိုင်ဆောင်သူများကို သွားလာခွင့်ပြုထားကြောင်းဒေသခံများထံမှသိရသည်။

“အာရက္ခာတပ်တော်က  ကျိန္တလီ ကတဆင့်ဝင်လာတော့မှာကို တော်တော်ကြောက်နေတာ။ စစ်တပ်က သတင်းတွေလည်း ရထားတယ်နဲ့တူတယ်။ ကျိန္တလီမှာ ဟိုနေ့က ကြောက်ပြီး ရမ်းသမ်း ပစ်သွားတာလည်း ရှိတယ်။ ဘယ်လိုပဲ ပိတ်ပိတ် အေအေက လာမှာသိမ်းမှာပဲ၊အခု ပုံမှန်ထက်တော့ အသေချာစစ်ဆေးနေတယ်” ဟု ဒေသခံခရီးသွားတစ်ဦးမှပြောသည်။

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် အကြား လမ်းပေါ် ရှိ ရေနံ့သာလမ်းဆုံနှင့် ဂွတောင်ကြား လမ်းအဆင်း ရခိုင်ပြည်နယ်ဘက်ခြမ်း၊ ဂွမြို့အဝင်စစ်ဆေးရေးဂိတ်များတွင် ထိုသို့ အဆင့်ဆင့် တင်းကြပ် ကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သံတွဲမြို့သည် ဂွမြို့မှ မိုင် ၈၀ကျော်အကွာတွင်တည်ရှိပြီး၊ ဂွမြို့ကို ဖြတ်သန်းပြီးမှသာ သံတွဲမြို့သို့ ဆက်လက် သွားရောက်နိုင်မည်ဖြစ်သည်။

စစ်ကောင်စီသည် သံတွဲမှတ်ပုံတင်ကိုင်ဆောင်ထားသူများကိုသာ ရခိုင်ပြည်သို့ ပြန်ဝင်ခွင့် ကန့်သတ် ထားခြင်းဖြစ်ပြီး ဂွနှင့် ကျိန္တလီမှတ်ပုံတင်နှင့် အခြားဒေသမှတ်ပုံတင်ကိုင်ဆောင်ထားသူများကို ထောက်ခံစာအဆင့်ဆင့်ဖြင့် ဝင်ထွက်ခွင့်ပြုထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် စစ်ကောင်စီသည် ရခိုင်ပြည်နယ်တောင်ပိုင်း နှင့်ထိစပ်နေသည့် ဧရာဝတီတိုင်းအတွင်းသို့  အေအေဝင်ရောက်လာ မည်ကိုစိုးရိမ်သောကြောင့် လုံခြုံရေးတိုးမြှင့်ထားပြီး ရခိုင်မှလူ အဝင်အထွက်များအား တင်ကျပ်စွာပိတ်ဆို့ စစ်ဆေးနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ