အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရခိုင်တွင် ရေကြီးရေလျှံမှုကြောင့် လယ်ဧက သောင်းနှင့်ချီပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 421

ဆလိုင်းမိုးအောင်

နိရဉ္စရာ၊ သြဂုတ် ၇/ ၂၀၂၄

ရခိုင်တွင် ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးခါစ လယ်ဧက သောင်းနှင့်ချီ၍ ပျက်စီးသွားကြောင်း လယ်သမားများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လတတိယအပတ်မှစတင်ကာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်း၍ ချောင်းရေ၊ မြစ်ရေများ ဝင်ရောက်ပြီး တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မင်းပြားစသည့်မြို့နယ်တို့တွင် ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့သည်။

အလားတူ သြဂုတ်လဆန်းပိုင်းမှစတင်ကာ မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်စသည့်မြို့နယ်များတွင် မြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့၍ စပါးခင်းများမှာ ရက်အတန်ကြာ ရေလွှမ်းမိုးခြင်းခံခဲ့ရသည်။

ထိုသို့ရေလွှမ်းမိုးမှုဒဏ်ကြောင့် အဆိုပါမြို့နယ်များတွင် စိုက်ပျိုးပြီးစ လယ်ယာမြေများမှ စပါးနှင့် စပါးပင်များမှာ အညှောင့်များသေသွားခြင်း၊ ရွှံ့နွံများဖုံးလွှမ်းသွားခြင်းတို့ကြောင့် လယ်ဧကသောင်းနှင့်ချီ၍ ပျက်စီးသွားခြင်းဖြစ်သည်ဟု တောင်သူလယ်သမားများက ပြောသည်။

ကျောက်တော်မြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးလှမောင်ဟန်က "ရေကြီးခဲ့တော့ စပါးပင်တွေရော၊ ကြဲထားတဲ့စပါးတွေပါ အကုန်သေကုန်တယ်။ လယ်ဧကတွေကတော့ သောင်းနဲ့ချီပြီး ပျက်စီးနိုင်တယ်။ ရေမကြီးခင်ကနေ လယ်တွေအကုန် ရေနစ်နေတာ။ ရေကြီးခဲ့တော့ ရွှံ့နွံတွေတင်ကျန်ခဲ့တယ်။ စပါးပင်တွေကျတော့ မိုးရွာရင် ပြန်ရှင်လာနိုင်ပေမဲ့ စပါးကြဲပြီးစလယ်တွေကတော့ ရွှံ့နွံတွေနစ်ပြီး အညှောင့်တွေအကုန်ပုပ်သွားတယ်" ဟု ပြောသည်။

လက်ရှိတွင် တောင်သူလယ်သမားများမှာ ပျက်စီးသွားသည့် လယ်ဧကများ၌ စပါးအစားထိုးစိုက်ပျိုးရန် အရေးတကြီး လိုအပ်နေပြီး ဝမ်းစာအဖြစ်သိုလှောင်ထားသည့် စပါးများမှာလည်း ရေနစ်ခဲ့ခြင်းကြောင့် စပါးအစားထိုးစိုက်ပျိုးရန် အခက်အခဲဖြစ်လျက်ရှိသည်ဟု တောင်သူလယ်သမားများက ပြောသည်။

မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးက "ဝမ်းစာစပါးတွေကို စိုက်ပျိုးရင် ရပေမဲ့ အဲ့ဒီစပါးတွေက မျိုးစပါးမဟုတ်တော့ မျိုးအောင်မှာမဟုတ်ဘူး။ ပြီးရင် အစားထိုးစိုက်ပျိုးဖို့ စပါးတွေလည်း ရေကြီးတော့ ရေနစ်ကုန်တယ်။ မျိုးစပါးတွေလည်း မရှိတော့ဘူး။ အစားထိုးစိုက်ပျိုးဖို့အချိန်မီသေးတယ်။ ဒါပေမဲ့ အစားထိုးပြန်စိုက်ပျိုးဖို့ အခက်အခဲတွေကတော့ အများကြီးပါပဲ။ လယ်သမားတွေအတွက် စိန်ခေါ်မှုများတဲ့ နှစ်တစ်နှစ်လို့ပြောလို့ရတယ်" ဟု ပြောသည်။

ရခိုင်မှ တောင်သူလယ်သမားများမှာ တိုက်ပွဲများပြင်းထန်နေခြင်း၊ လယ်ယာသွင်းအားစုများဖြစ်သည့် စက်သုံးဆီနှင့် ဓာတ်မြေသြဇာများ အဆမတန်ဈေးမြင့်တက်ခြင်းကြောင့် ယခုနှစ်တွင် လယ်ယာများအားလုံးကို ယမန်နှစ်များကဲ့သို့ လုပ်ကိုင်နိုင်ခြင်းမရှိဘဲ တစ်ပိုင်တစ်နိုင်အဖြစ်သာ လုပ်ကိုင်နိုင်ကြသည်ဟု သိရသည်။

ထို့အတူ ယခုနှစ်တွင် အခက်အခဲအမျိုးမျိုးကြောင့် စပါးစိုက်ပျိုးသည့်လယ်ဧကများ လျော့နည်းနေသည့်အပြင် ရေကြီးရေလျှံမှုတို့ကြောင့် စိုက်ပျိုးထားသည့်လယ်ဧကများ ထပ်မံဆုံးရှုံးရသဖြင့် လာမည့်နှစ်တွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးမှာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေသည်ဟု မင်းပြားမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ကိုလှအောင်က ပြောသည်။

"ဒီနှစ်ကတော့ လယ်သမားတွေအတွက် စိန်ခေါ်မှုများတဲ့နှစ်တစ်နှစ်ပါ။ သွင်းအားစုတွေ ဈေးအဆမတန်မြင့်ပေမဲ့ ရင်းနှီးပြီးစိုက်ပျိုးထားတဲ့ လယ်ဧကတွေက သဘာဝဘေးကြောင့်ပျက်စီးသွားတယ်။ အစားထိုးစိုက်ပျိုးဖို့အချိန်မီးသေးပေးမဲ့ လယ်သမားတွေက အခက်အခဲဖြစ်နေကြတယ်။ လယ်သမားတွေကို အဖွဲ့အစည်းတစ်ခုခုက ကူညီထောက်ပံပေးနိုင်ရင် ကောင်းမယ်။ ဘာမှမထောက်ပံပေးနိုင်ရင်တော့ လာမယ့်နှစ်အတွက် ပြည်တွင်းစားနပ်ရိက္ခာဖူလုံဖို့က စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေတယ်" ဟု ပြောသည်။

အလားတူ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း ရေကြီးရေလျှံဖြစ်ခဲ့မှုကြောင့် လယ်ဧကအချို့ ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးအောင်ကျော်မြကလည်း ယခုနှစ် ရခိုင်တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် လယ်ဧကသောင်းနှင့်ချီပျက်စီးနိုင်ပြီး ပျက်စီးလယ်ဧကစာရင်းအတိအကျကိုမူ စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်းဆက်သွယ်ရေးတို့ကို ဖြတ်တောက်ထားမှုကြောင့် ကောက်ယူနိုင်ခြင်းမရှိသေးဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

"ဒီနှစ်က သွင်းအားစုတွေက ဈေးကြီးတော့ အရင်နှစ်တွေကထက်လည်း စပါးတွေလျှော့စိုက်ရတယ်။ ဝမ်းစာအတွက် လုပ်နေတဲ့အထဲ အခုလိုတွေဖြစ်လာတော့ ရခိုင်ပြည်မှာ ဝမ်းစာအတွက် စိုးရိမ်စရာပါပဲ" ဟု ပြောသည်။

ရခိုင်ပြည်တွင် စိုက်ပျိုးနိုင်သည့် စပါးစိုက် လယ်ဧကပေါင်း ၁၂ သိန်းခွဲကျော်ရှိသော်လည်း ယခုနှစ်တွင် စစ်ပွဲများကြောင့်လယ်ဧက ၃ သိန်းခန့်သာစိုက်ပျိုးနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏စာရင်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကဆိုလျှင်လည်း စပါးစိုက်ရာသီအတွင်း အကြောင်းအမျိုးမျိုးကြောင့် လယ်ဧက ၈ သိန်းခွဲကျော်သာ စိုက်ပျိုးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်စပါးထွက်ရာသီကလည်း ရခိုင်တွင် ပျဥ်းမျှခန့်မှန်းခြေအရ စပါးထွက်ရာနှုန်း ၄၀ နှင့် ၆၀ ကြားသာ ရှိခဲ့သည်ဟုလည်း အဆိုပါသမဂ္ဂစာရင်းအရ သိရသည်။

မြန်မာပြည်တစ်ဝန်း ယခုလက်ရှိဖြစ်ပေါ်နေသည့် ရေဘေးကြောင့် စပါးခင်းပျက်စီးမှုများအတွက်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က လယ်သမားများကိုဓာတ်မြေဩဇာ၊ ဆေးနှင့် မျိုးစပါးများ ကူညီပေးမည်ဟု ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က ကြေညာထားသည်။

MRF က လက်ရှိတွင် ရေနစ်မြုပ်ပြီး ပျက်စီး လယ်စိုက်ခင်းဧကများကို စာရင်းကောက်ယူနေပြီဖြစ်ပြီး ပျက်စီးစပါးစိုက်ခင်းတောင်သူများအနေဖြင့် MRF ကို တိုက်ရိုက်ဆက်သွယ်စာရင်းပေးနိုင်သလို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင်လည်း စာရင်းပေးနိုင်သည်ဟု ဆိုထားသည်။

စပါးခင်းများ ရေနစ်မြုပ်မှုကြောင့် မိုးစပါးအထွက်နှုန်း မကျဆင်းစေရေးအတွက် တောင်သူများကို ယခုလို အကူအညီများပေးရန်စီစဥ်ရခြင်းဖြစ်သည်ဟု MRF က ဆိုထားသည်။

သို့သော်လည်း ရခိုင်တွင် တိုက်ပွဲများကိုအကြောင်းပြပြီး စစ်ကောင်စီက ကုန်းလမ်းနှင့်ရေလမ်းတို့ကို တင်းတင်းကျပ်ကျပ်ပိတ်ထား၍ MRF ၏အကူအညီများကို ရခိုင်မှလယ်သမားများ ရရှိနိုင်မည်မဟုတ်ပေ။

ဓာတ်ပုံ - ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသည့် စပါးစိုက်ခင်းများ။

ဆက်စပ် သတင်းများ