အေးမြတ်ခိုင် နိရဥ္စရာ၊ ဩဂုတ်လ ၇/၂၀၂၄
၇ခိုင်ပြည်အနောက်ဘက်နယ်စပ်မြို့၊မောင်တောတွင် ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့၌စစ်ရေး ပဋိပက္ခများကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသည့်မွတ်ဆလင်များ ပစ်ခတ်ခံ၇ပြီး အစုလိုက်အပြုံလိုက်ထိခိုက်သေဆုံးသည့်ရုပ်သံဖိုင်များ အွန်လိုင်းပေါ်မှာပျံ့နှံ့လာခဲ့သည်။
အဆိုပါထိခိုက်သေဆုံးမှုများနှင့် ပတ်သတ်၍ နတ်မြစ်ကိုကူးပြီး ဘင်္ဂလားဒေ့ရှ်သို့စစ်ဘေးရှောင်ရန်စက်လှေစောင့်နေကြစဉ် အာရက္ခတပ်တော် (AA) က ရှော့တိုက်ဒုံးများ (သို့မဟုတ်) ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်ပရှိ ရိုဟင်ဂျာအရေး လှုပ်ရှားသူအချို့ကစွပ်စွဲပြောဆိုထားသည်။
အဆိုပါကိစ္စများနှင့်ပတ်သတ်၍ သိရှိနိုင်ရန် မောင်တောဒေသခံများကို နိရဥ္စရာကမေးမြန်း စုံစမ်းခဲ့ရာတွင် ဖြစ်စဉ်မှာ ဩဂုတ်လ ၅ရက်နေ့ ညနေ ၅ နာရီခန့်မှာမောင်တောမြို့အထွက်ရှိ ဖေဇီရွာအကျော် နတ်မြစ်အနီးတွင် ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
မောင်တောမြို့ကိုစစ်ကောင်စီနှင့် မွတ် ဆလင်လက်နက်ကိုင်များဖြစ်သည့်ARSA/RSO/ARA တို့က ပိတ်ဆို့ထားသဖြင့် မြို့ပြင်သို့မည်သူမှ သွားလာ၍ မ၇သည့်အတွက် ဖြစ်စဉ်အသေးစိတ်ကို မသိရှိနိုင်ကြောင်းမောင်တောမြို့မှ အရပ်သားတစ်ဦးက ပြောသည်။
“ရခိုင်ရော၊ မွတ်ဆလင်ရော၊ ဟိန္ဒူရောဘယ်သူ့ကိုမှ သွားခွင့်မပေးဘူး။စစ်တပ်နဲ့ပူးပေါင်းနေတဲ့မွတ်ဆလင်လက်နက်ကိုင်တွေ၊ အာဆာတို့ဘာတို့နဲ့ ပတ်သက်ပြီးတော့မှငွေကြေးအမြောက်အများ အကုန်အကျခံရင်တော့ တချို့ မွတ်ဆလင်တွေထွက်ပြေးလို့၇ကြတယ်။ အခု ဖြစ်သွားတဲ့ ဖြစ်စဉ်ကို ကျနော်တို့ အဲ့ဒီနေ့ကကြားလိုက်ပေမဲ့ ဘယ်သူက ပစ်တယ်။ ဘယ်လောက်သေတယ်ကိုကတော့ မသိနိုင်ပါဘူး”ဟုပြောသည်။
ယင်းအပြင်ပြည်သူများကို မြို့ပြင်သို့ လုံး၀ထွက်ခွင့်မပေးဘဲ လူသားဒိုင်းကာအနေနှင့်ပိတ်လှောင်ထားကာ ခွင့်ပြုချက်မရဘဲ ထွက်ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်မှုများလည်းရှိကြောင်း အမည်မဖော်လိုသည့် မွတ်ဆလင် ဒေသခံတစ်ဦးက ပြောသည်။
သို့သော်ARSA/RSO ခေါင်းဆောင်တချို့နှင့် မိသားစုဝင်များ၊ မွတ်ဆလင် လက်နက်ကိုင်များဖြင့် ပူးပေါင်းကာဘင်္ဂလားဒေ့ရှ်သို့ လူပို့နေသည့် ဒေလ်မူဟာမတ်တို့သည်ဩဂုတ်လ ၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားပြီဖြစ်ကြောင်းသူက ပြောသည်။
ဩဂုတ်လ၅ ရက်နေ့တွင် လက်ကျန် မိသားစုဝင်များကို ပို့ဆောင်စဉ် စစ်ကောင်စီနှင့်မွတ်ဆလင် လက်နက်ကိုင်များအကြား သဘောထားကွဲလွဲကာ ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း သူက ဆက်ပြောသည်။
“စစ်တပ်ကရော သူတို့ကပါမြို့ကထွက်တဲ့ ပြည်သူများကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာရှိတယ်။ ဒါပေမဲ့ သူတို့လူတွေ၊ မိသားစုတွေကတော့ ထွက်သွားကြတယ်။အဲ့ဒါကို စစ်တပ်က သဘောမတူဘူး။ ဒီပစ်ခတ်မှုတွေက စစ်တပ်နဲ့ သဘောထားကွဲလွဲပြီးဖြစ်ကြတယ်လို့ သိ၇တယ်။”
မောင်တောမြို့တွင်အေအေ နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများအပြင် မွတ်ဆလင် လက်နက်ကိုင်များအချင်းချင်းကြားမှာလည်း မကြာမကြာ ထိတွေ့ တိုက်ပွဲများရှိသည့်အတွက်စစ်ရေးပဋိပက္ခများအကြား ဒေသခံများအခက်အခဲဖြစ်နေကြ၇သည်ဟုဆိုသည်။
မောင်တောမြို့မှဘင်္ဂလားဒေ့ရှ်သို့ သွားရန် လက်ရှိမှာ လူ ၁ ဦးလျှင် ကျပ် ၁၀သိန်းမှ သိန်း ၅၀ အထိပေးမှ သွားလာ၍ရကြောင်း မွတ်ဆလင်များထံမှ သိ၇သည်။
ယင်းအပြင်မောင်တောမြို့မှ မွတ်ဆလင်များ ထွက်မသွားစေရန် “မောင်တောမြို့ဟာ သင်တို့မြို့ဖြစ်တယ်”၊ ”မောင်တောမြို့ကိုသင်တို့ကာကွယ်၇မယ်”၊ ”မောင်တောမြို့ကထွက်သွားဖို့ကို အလာလ်ရှင်မြတ်က သဘောမတူဘူး” စသည့်စာများကိုမြို့အနှံ့လိုက်ကပ်မှုများရှိကြောင်း သိ၇သည်။
ဩဂုတ်လ၅ ရက်တွင် ဖြစ်ပွါးခဲ့သည့်ကိစ္စများနှင့် ပတ်သက်၍ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်ခဲ့ရာ၄င်းတို့နှင့် လုံး၀ သက်ဆိုင်မှုမရှိကြောင်းပြောသည်။
“ဒီကိစ္စဖြစ်တာကမွတ်ဆလင် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီကြားမှာ တဖက်နဲ့တဖက်မကျေလည်မှုတွေကြောင့် ပစ်ကြခတ်ကြတဲ့ ကိစ္စလို့ ပြောလို့၇တယ်။ဒါကကျနော်တို့နဲ့ လုံး၀သက်ဆိုင်မှုမရှိဘူးဗျ။”
နောက်ပြီး“သူတို့အချင်းချင်းပစ်ကြခတ်ကြလို့ သေတဲ့ကိစ္စကို အေအေကလုပ်တာပါဆိုပြီးတော့မှတက်ကြွလှုပ်ရှားသူဆိုတဲ့ အဖွဲ့တွေက နိုင်ငံတကာမှာဝါဒဖြန့်နေတာကို တွေ့၇တယ်။ ဒါကတော့ သူတို့လုပ်ထားတဲ့အပြစ်တွေကိုကျနော်တို့ကို လွှဲချတယ်ဆိုတာက တော်တော် ဆိုးဝါးတဲ့လုပ်ရပ်လို့ ပြောလို့၇တယ်” ဟု ပြောသည်။
အာရက္ခတပ်တော်အနေနှင့်၄င်းတို့ထံခိုလှုံလာသူများကို လူမျိုး ဘာသာ မခွဲခြားဘဲ ဘေးကင်းလုံခြုံသည့်နေရာကို ပို့ဆောင်ပေးပြီးကူညီဆောင်ရွက်ပေးလျက်ရှိကာ ပြည်သူကိုဦးတည်တိုက်ခိုက်မှုမျိုး ဘယ်တုန်းကမှမလုပ်ခဲ့ကြောင်းပြောသည်။
လက်ရှိမှာမောင်တောမြို့အနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး ARSA/RSO/ARA တို့က လူသတ်မှု၊ပြန်ပေးဆွဲမှု၊ ဓားပြမှု၊ လူကုန်ကူးမှုများ ဆက်တိုက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။