စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

မောင်တောတွင် မွတ်ဆလင်အရပ်သားအများအပြားသေဆုံးမှုအပေါ် စိတ်မကောင်း ဖြစ်ရကြောင်း AA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 818

( ၎င်းဖြစ်ရပ်မှာ AAနှင့် မည်သို့မျှ သက်ဆိုင်မှုမရှိကြောင်း အသိပေးထုတ်ပြန်)

နိရဉ္စရာ၊ ဩဂုတ် ၈/ ၂၀၂၄

ရခိုင်ပြည်အနောက်ဘက်နယ်စပ်၊ မောင်တောမြို့၊ နတ်မြစ်ကမ်းခြေတွင် မွတ်ဆလင် ဒေသခံ အများအပြား သေဆုံးခဲ့ရသည်ဟု ကြားသိရသဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)၏ ဩဂုတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် ၎င်းဖြစ်ရပ်မှာ အာရက္ခတပ်တော်( AA) နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်ဟုလည်း ဖော်ပြထားသည်။

(ထုတ်ပြန်ချက်)

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အနေဖြင့် ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ်ရှိ မောင်တောမြို့ နှင့် အနီးတဝိုက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်စေရန် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့ကတည်းက မောင်တောမြို့သိမ်းတိုက်ပွဲမစတင်ခင်ကတည်းကပင် မောင်တောမြို့အတွင်းရှိ အရပ်သားပြည်သူများအနေဖြင့် အမြန်ဆုံးစတင်ထွက်ခွာကြပါရန် မိမိတို့မှ ကြိုတင်အသိပေး ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီ နှင့် အစွန်းရောက်မူဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သော ARSA, RSO, ARA တို့သည် အပြစ်မဲ့ပြည်သူများအား ဘေးကင်းလုံခြုံရာနေရာများသို့ ထွက်ခွာ၍ မရစေရန် လက်နက်၊ လူအင်အားသုံး၍ ခြိမ်းခြောက်တားမြစ်ခြင်း၊ အစ္စလာမ်ဘာသာရေးအရ လှုံ့ဆော် သွေးထိုးခြင်းတို့ကို လုပ်ဆောင် လျက်ရှိသည်။

တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ထဲ၌ ပိတ်မိနေကြသည့် မူဆလင်များအပြင် မူဆလင် မဟုတ်သည့် ရက္ခိုင်၊ ဟိန္ဒူ၊ ခမီ အစရှိသော အပြစ်မဲ့လူနည်းစုပြည်သူများလည်း အကြမ်းဖက် သမားများ၏ ခြိမ်းခြောက်၊ နှိပ်စက်၊ သတ်ဖြတ်မှု အန္တရာယ်ကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရပါသည်။

ထို့အပြင် ယခုရက်ပိုင်းများအတွင်း မောင်တောမြို့အနီး ပင်လယ်ကမ်းစပ်တစ်နေရာ၌ မြို့ထဲမှ ထွက်ပြေးလာကြသော မူဆလင်များထဲမှ အများအပြားသည် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန် (သို့မဟုတ်) ဗုံးထိမှန် (သို့မဟုတ်) ရေနစ်သေဆုံး (သို့မဟုတ်) လေကြောင်းမှတိုက်ခိုက်ခံရမှု (သို့မဟုတ်) ကြီးမားသော ပေါက်ကွဲမှု တစ်ခုခုဖြစ်၍ သေဆုံးနေသည်ကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကြားသိရသောကြောင့် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။

ဤသေဆုံးမှုမှာ မိမိတို့ ထိန်းချုပ်ထားသော နယ်မြေများ၌ ဖြစ်ပျက်ခဲ့ခြင်း လုံးဝမရှိ သည့်အပြင် မိမိတို့အဖွဲ့အစည်းနှင့်လည်း မည်သို့မျှ သက်ဆိုင်မှုမရှိပါကြောင်း လေးစားစွာဖြင့် အသိပေးထုတ်ပြန် အပ်ပါသည်။ အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေပြီး ဖြစ်စဉ်၊ ဖြစ်ရပ်မှန်များကို သိရှိရပါက မိမိတို့အနေဖြင့် အမြန်ဆုံး ထုတ်ပြန်ပေးသွားပါမည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်သည် မိမိတို့တပ်ဖွဲ့ဝင်များကို စစ်ပွဲအတွင်းလိုက်နာရမည့် စစ်စည်းကမ်း၊ စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာဥပဒေများကို အခြေခံစစ်သင်တန်းကတည်းကပင် ရှင်းလင်းပြတ်သားစွာ ညွှန်ကြားထားသောအဖွဲ့အစည်း ဖြစ်ပါသည်။ မိမိတို့အဖွဲ့အစည်းသည် အကြမ်းဖက်မှုကို အားမပေးသည့်အဖွဲ့ဖြစ်သည့်အပြင် မည်သည့် အကြမ်းဖက်မှုမျိုးကိုမဆို ရှုတ်ချပြီး အာရက္ခဒေသအတွင်း မည်သည့်အကြမ်းဖက်သမားကိုမျှ ခြေချခွင့်ပေးမည် မဟုတ်ဘဲ အကြမ်းဖက် အဖွဲ့အစည်းတိုင်းကို ချေမှုန်းသွားမည်ဖြစ်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲနှင့်အတူ ပိုမိုပြင်းထန်လာသော တိုက်ပွဲများကြောင့် အပြစ်မဲ့အရပ်သား ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက်-

၁။ သာမန်အရပ်သား ပြည်သူများအားလုံးသည် မောင်တောမြို့အတွင်းမှ ထွက်ခွာကြရာတွင် အန္တရာယ်ရှိသော နေရာများသို့ စွန့်စားထွက်ခွာခြင်းထက် လုံခြုံမှုပေးနိုင်သည့် အာရက္ခတပ်တော် ရှိသော နေရာများသို့သာ ဦးတည်ထွက်ခွာကြပါရန်။

၂။မြို့တွင်းမှ ထွက်ခွာရန် အခွင့်မသာဘဲ ပိတ်မိနေကြသော ပြည်သူများအနေဖြင့်လည်း မိမိ နေထိုင်ရာ ပတ်ဝန်းကျင်တွင် ကျည်လွတ်မြေများကို အကာအကွယ်ယူပြီး နေထိုင်ခြင်း၊ အလံဖြူ အမှတ်အသားများ ပြုလုပ်ထားခြင်း၊ တိုက်ပွဲ၊ တိုက်ခိုက်ရေးသမားများနှင့် ဝေးသောနေရာများကို အတတ်နိုင်ဆုံး ရွေးချယ်၍ နေထိုင်ကြပါရန်။

၃။စစ်ကောင်စီ၏ လမ်းမ၊ အိမ်၊ အဆောက်အအုံကြီးများအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုး မလုပ်ကြပါရန်။

၄။အကြမ်းဖက် စစ်ကောင်စီနှင့် ARSA, RSO, ARA အဖွဲ့ဝင်များ၏ အရပ်သားများကို လူသားဒိုင်းကာ (human shield) အဖြစ် အသုံးပြုခြင်း မခံရစေရန်အတွက် အတတ်နိုင်ဆုံး ၎င်းတို့နှင့် ဝေးရာ နေရာများ၌ နေထိုင်ကြပါရန်။

၅။အကယ်၍ တိုက်ပွဲများတွင် ရှုံးနိမ့်ပြီး ထွက်ပြေးလာသော အကြမ်းဖက်သမားများသည် သာမန် အရပ်သားပြည်သူများကြားတွင် ရောနှောလိုက်ပါလာသည်ကိုတွေ့ရှိပါက နီးစပ်ရာ ULA/AA တပ်ဖွဲ့ဝင်များထံသို့ အမြန်ဆုံး ဆက်သွယ် အကြောင်းကြားပေးကြပါရန်။ စသည့် လိုက်နာရမည့် စည်းကမ်းများကို အသိပေးထုတ်ပြန်အပ်ပါသည်။

ထို့ကြောင့် မောင်တောဒေသမှ အပြစ်မဲ့ အရပ်သားပြည်သူများအနေဖြင့်လည်း အသက်အန္တရာယ်ထိခိုက်မှု မရှိစေရန်၊ လုံခြုံဘေးကင်းကြစေရန်အတွက် ထုတ်ပြန်ချက်၊ အကြံပြုတိုက်တွန်းချက်များကို တိကျစွာလိုက်နာကြပါရန် တိုက်တွန်းအပ်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

ဆက်စပ် သတင်းများ