အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် ၃ လသားကလေးနှင့် ကလေးအမေအပါအဝင် အရပ်သား ၉ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

စောရှင်မေ၊ နိရဉ္စရာ၊ ဩဂုတ် ၈/၂၀၂၄

စစ်ရိပ် စစ်ငွေ့သန်းလာသည့် ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း ယခုနောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအပေါ် အဖမ်းအဆီး များလာနေသည်ဟု သိရသည်။

ဂွမြို့နယ်၊ ကံ့ကော်တောင်ကျေးရွာမှ ၃ လသားအရွယ်ကလေးအပါအဝင် သားမိသားဖ ၃ ဦးနှင့် နောက်ထပ် အမျိုးသား ၆ ဦး၊ စုစုပေါင်း ၉ ဦးကို စစ်ကောင်စီတပ်က သြဂုတ်လ ပထမပတ် အတွင်း ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ဦးဇေယျာအောင်၊ ဦးပေါက်ကျိုင်း၊ ဦးအောင်မျိုးဦး၊ ဦးအောင်ကြီးနှင့် ကိုဇင်မင်းထက်တို့အပါအဝင် ၉ ဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက "၃ လသားအရွယ်ကလေးနဲ့ မိဘတွေကိုရော စစ်တပ်က အိမ်ကိုလာပြီး ခေါ်သွားတယ်။ ရိုက်နှက်တာတွေတော့ မရှိဘူး။ ကြိုးချည်ပြီးဖမ်းသွားတယ်။ ကလေးနဲ့ အချုပ်ခန်းထဲမှာနေရတယ်ဆိုတော့ ဂွမှာ ဒီနှစ်က တော်တော်ခြင်ပေါတယ်။ ခြင်ကိုက်ရင် သွေးလွန်တုတ်ကွေးတွေဖြစ်မှာ စိုးရိမ်ရတာပေါ့။ လူကြီးတွေက ခံနိုင်ရည်ရှိပေမဲ့ ကလေးတွေက မခံနိုင်ဘူးလေ" ဟုပြောသည်။

ဖမ်းဆီးသွားသည့် သားဖသုံးဦးအား ဂွရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ၎င်းက ပြောသည်။

နောက်ထပ် ဖမ်းဆီးခံရသူ ၆ ဦးအထဲမှ ၂ ဦးမှာ  ဂွမြို့နယ် ကံ့ကော်ရွာလယ်ပိုင်းနှင့် ကံ့ကော်ရွာ ကွက်သစ်မှဖြစ်ကြပြီး ဆပ်သွားတံတားဂိတ်တွင် ကုန်ထမ်းနေစဉ်  အာရက္ခတပ်တော် (AA)သို့ ထောက်ပို့ လုပ်သည်ဟု စွပ်စွဲကာ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ကုန်ထမ်းတဲ့သူတွေဆီက ပိုက်ဆံတောင်းတယ်။ ပြီးရင် ကုန်ထမ်းလာတဲ့ နှစ်ယောက်ကို စစ်တယ်။ အေအေကို ထောက်ပို့လုပ်တယ်ဆိုပြီးတော့ ဖမ်းတယ်။ သူတို့တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကိုခေါ်သွားပြီးတော့ရိုက်တယ်" ဟုပြောသည်။

နောက်ထပ် ဖမ်းဆီး ခံရသူ ၄ ဦးမှာ ကိုင်းခုံကျေးရွာမှ ဖြစ်ကြပြီး လက်ရှိ အချိန်ထိ  စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိသေးသော်လည်း စစ်ကောင်စီသည် ခံစစ်ဖြင့် ခုခံရန် အကြီးအကျယ်ပြင်ဆင်မှု ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် ဂွမြို့နယ်တွင် မိုင်းထောင်ခြင်း၊ ကျေးရွာများအတွင်း မတရားဝင်ရောက် ဖမ်းဆီးခြင်းနှင့် တင်းကျပ်စွာ စစ်ရေးလှုပ်ရှားမှုများကို ယခင်ကထက် ပိုမို လုပ်ဆောင်လျက် ရှိသည်ဟု သိရသည်။

ယနေ့ ​သြဂုတ်လ ၈ ရက်၊ ညဥ့် ၂ နာရီခန့်ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ကျေးရွာ နှစ်ရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် ဗုံးလာကြဲခဲ့သည့်အတွက် ရွာသားအချို့ ထိခိုက်သေဆုံးမှုရှိသည်ဟု ကနဦး သိရသည်။

သြဂုတ်လ ၆ ရက်၊ ည ၁၀ နာရီကလည်း ဂွမြို့နယ်၊ သဲကုန်းကျေးရွာအနီး ပင်လယ်ပြင်ရှိ စစ်နေဗီက သဲကုန်းရွာအနောက်ဘက် တောင်ကြောအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဂွမြို့နယ်တွင် ခမရ (၅၆၂) နှင့် (၅၆၃) သာရှိပြီး အေအေဝင်တိုက်ပါက ကျသွားနိုင်သဖြင့် စစ်သားများအတွင်း အထူးကြောက်လန့် စိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောဆိုသည်။  

ဆက်စပ် သတင်းများ