ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျိန္တလီမြို့အနီး ကျေးရွာ (၂)ရွာကို စစ်ကောင်စီက ညအချိန် ၄ ကြိမ်တိုင်တိုင် ဗုံးလာကြဲ၍ အမျိုးသမီး တစ်ဦးသေပြီး ၆ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ သြဂုတ် ၈/ ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ကျေးရွာ (၂) ရွာကို စစ်ကောင်စီတပ်က ညအချိန် ဂျက်တိုက် လေယာဥ်ဖြင့် ၄ ကြိမ်တိုင် ဗုံးလာကြဲခဲ့၍ ကျည်စထိမှန်ကာ ၁ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထက်မနည်း  ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ သံတွဲမြို့နယ်၊ ဂျိတ္တောရွာမှ ကျိန္တလီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် စစ်ရှောင်နေသည့် သက်လက်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။

ကျိန္တလီမြို့နယ်နှင့် ၇ မိုင်ခန့်အကွာရှိ စေတီကွင်းကျေးရွာနှင့် ညောင်ပင်ကွင်းကျေးရွာကို ယနေ့သြဂုတ် ၈ ရက်၊ နံနက် အစောကြီး  ည ၂ နာရီခန့်က လာရောက်ဗုံးကြဲခဲ့သည်ဟု ကျိန္တလီမြို့ခံအမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“သံတွဲဖက်ကိုသွားတဲ့လမ်းမှာရှိတဲ့ ရွာတွေပါ။ ဒီနေ့မနက် အရုဏ်တက်အချိန်လို့ပြောရမလား။ ၂ နာရီ ကျော်လောက်ပေါ့။ ဂျက်တိုက်လေယာဥ်နဲ့ ၄ ကြိမ်လောက် ဗုံးကြဲသွားတာ။ ထိခိုက်မှုတွေများတယ်။ သေဆုံးသွားသူတွေလည်းရှိတယ်။ အတိကျတွေကိုတော့ မသိရ။ ညောင်ပင်ကွင်းကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတစ်ယာက်သေတာတော့ တွေ့ရတယ်” ဟုပြောသည်။

ဗုံးစထိမှန်မှုကြောင့် အဆိုပါကျေးရွာနှစ်ရွာမှ ဒေသခံ ၆ ဦးထက်မနည်း ဒဏ်ရာရသွားသည်ဟုလည်း သိရသည်။ ယင်းအပြင် နေအိမ်အချို့နှင့် သာသနိကအဆောက်အအုံတစ်ချို့လည်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

သေဆုံးဒဏ်ရာရသူများ၏ အမည်နှင့်အသက်တို့ကို နိရဥ္စရာက မေးမြန်စုံစမ်းနေဆဲဖြစ်သည်။

ကျိန္တလီမြို့နှင့်အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံအများပြည်သူ အိပ်ချိန်တွင် ရုတ်တရက်ဗုံးလာကြဲခဲ့သဖြင့် ဒေသခံများမှာ ထိခိုက်သေဆုံးမှုများရှိခဲ့ခြင်းဖြစ်သည်။

ယခုဗုံးကြဲမှုမှာ အာရက္ခတပ်တော်ရှိသည့် အထင်နှင့် လာရောက်ဗုံးကြဲခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

ယင်းဖြစ်စဥ်ကြောင့် ရွာသူရွာသားများမှာလည်း ရွာကိုစွန့်ခွာကာ ထွက်ပြေးနေကြရသည်ဟု ပြောသည်။ ကျိန္တလီမြို့နယ်၊ ချင်းကွင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“အခု အဲ့ဖက်က ဖုန်းလိုင်းတွေလည်း သိပ်မကောင်းဘူး။ ရွာသားတွေကလည်း သူ့နည်း သူ့ဟန်နဲ့ ထွက်ပြေးနေကြရတယ်” ဟုပြောသည်။

အဆိုပါကျေးရွာနှစ်ခုမှာ သံတွဲဘက်သို့သွားရာလမ်းတွင်တည်ရှိပြိး ရေလုပ်ငန်းနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြကြောင်း သိရသည်။

ယင်းကျေးရွာများတွင် သံတွဲဘက်မှ စစ်ဘေးရှောင်အများအပြား ဝင်ရောက်ခိုလှုံနေကြသည်ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်ကလည်း သံတွဲမြို့နှင့် ကျိန္တလီ မြို့အကြား၊ သံတွဲမှ တောင်ဘက် မိုင် ၂၀ အကွာ ကျောက်ကြီးဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ဂျက်တိုက်လေယာဥ်တစ်စီးအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ