စောရှင်မေ
နိရဉ္စရာ၊ ဩဂုတ် ၈/၂၀၂၄
ရခိုင်ပြည်ရှိမြို့နယ်အများအပြားတွင် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာရာသီတုတ်ကွေးရောဂါဖြစ်ပွားမှုများပြားလာပြီး ယင်းအထဲတွင် ၁၀ နှစ်အောက် ကလေးငယ်များပို၍များပြားနေကြောင်း ဒေသခံများက ပြောသည်။
ထိုကဲ့သို့ရာသီတုတ်ကွေးရောဂါဖြစ်ပွားနေကြသော်လည်း တိုက်ပွဲကြောင့်ဆေးရုံဆေးခန်းများမဖွင့်လှစ်နိုင်သလို ဆေးဝါးများလည်း ရှားပါးနေသည့်အတွက်အခက်အခဲဖြစ်နေကြ၇သည်ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။
"ကလေးတွေကတစ်ယောက်ပြီးတစ်ယောက် အကုန်ဖျားတယ်။ တုတ်ကွေးဖြစ်တယ်ထင်တယ်။ အချင်းချင်းကူးစက်ကြတယ်။ လူကြီးတွေထက် ကလေးတွေပို ဖြစ်ကြတယ်။ ပြန်ကောင်းရင်လည်းထပ်ဖျားတာရှိတယ်။ မိုးရွာကတည်းကနေ ဖြစ်နေကြတယ်။ ခြင်လည်း တအားကိုက်တယ်။ဆေးခန်းတွေမှာ လူတွေဆို ဖောက်မပေါက်ဘူး။ တခြားမြို့နယ်တွေကလည်း လာပြကြတယ်"ဟုပြောသည်။
ရခိုင်တွင်စစ်ကောင်စီက ကုန်းလမ်းနှင့်ရေလမ်းတို့ကို တင်းကျပ်စွာပိတ်ထား၍ဆေးဝါးသယ်ယူခွင့်လည်းမရဘဲ ဒေသတွင်းတွင် ဆေးဝါးများရှားပါးနေ၇ခြင်းဖြစ်သည်။
ထို့အပြင်ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း စစ်ဘေးရှောင်များနှင့် ဒေသခံများမှာရာသီတုတ်ကွေးများဖြစ်ပွားနေကြပြီး ယင်းအထဲတွင် စစ်ဘေးရှောင်အများစုဖြစ်ပွားနေကြသည်ဟု ဒေသခံများကပြောသည်။
၇ခိုင်ပြည်တွင်ဇူလိုင်လ ၂၅ ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များခိုလှုံကြသည့် နေရာအဆောက်အဦများတွင် အမိုးအကာများမလုံခြုံမှု၊ခြင်ထောင်များမလုံလောက်မှု၊ အဝတ်အစားများမလုံလောက်မှုတို့ကြောင့်ရာသီဥတုဒဏ်ကိုမခံနိုင်ဘဲ တုတ်ကွေးရောဂါဖြစ်ပွားမှု ပိုမိုများပြားလာကြသည်ဟုပုဏ္ဏားကျွန်းမြို့နယ်မှ လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုက ပြောသည်။
"ခြင်ထောင်မရှိ၊မိုးအေးတော့ အဝတ်အစားမရှိဘူး။ မိုးရွာရင် မိုးယိုတယ်။ မိုးရွာလည်း ဟင်းရှာ၊မျှစ်ချိုးရတာတွေရှိတယ်။ ဒါကြောင့်လည်း ပိုဖြစ်ကြတာပေါ့။ တချို့တွေဆို ဆေးကုသဖို့ဆေးရုံတက်ပြီး သေချာစောင့်ရှောက်ဖို့ လိုနေပေမဲ့လည်း လူစုလူဝေးတွေရှိတဲ့နေရာတွေဆိုစစ်ကောင်စီက ဗုံးလာကြဲတော့ ဆေးခန်းပြရတဲ့အခြေအနေလောက်ပဲ ရှိကြပါတယ်။တခြားငွေကြေးအခြေအနေတွေကြောင့် မကုသနိုင်တာလည်း ရှိပါသေးတယ်" ဟုပြောသည်။
အလားတူဂွမြို့နယ်တွင်လည်း ရာသီတုတ်ကွေးရောဂါများ ယခုရက်ပိုင်းအတွင်းဖြစ်ပွားနေကြပြီးစစ်ကောင်စီက ဆေးဝါးသယ်ယူခွင့်များ ပိတ်ထားသည့်အတွက် ဆေးရုံ၊ ဆေးခန်းများတွင်ဆေးဝါးလုံလောက်မှုများမရှိ၍ ဒေသခံများမှာ ဆေးမြှီးတို၊ တိုင်းရင်းဆေးများဖြင့်ကုသနေ၇ကြောင်း ဂွဒေသခံများက ပြောသည်။
"အခုကရာသီတုတ်ကွေးဖြစ်တဲ့အချိန်လေ။ နှစ်တိုင်းလိုလိုဖြစ်ကြပေမဲ့။ အရင်နှစ်တွေကဆေးရှိတယ်။ ဒီနှစ်ဆေးမရှိဘူး။ စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားတယ်။ အဲတော့တတ်နိုင်သလောက် ဆေးမြှီးတိုနဲ့ကုသ၇တယ်" ဟုပြောသည်။
ရခိုင်တွင်ပြီးခဲ့သည့် ဇူလိုင်လတတိယအပတ်မှစတင်ကာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်း၍ချောင်းရေ၊ မြစ်ရေများ ဝင်ရောက်ပြီး တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မင်းပြား၊မြောက်ဦးနှင့် ကျောက်တော်စသည့်မြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။
လက်ရှိတွင်ရေများကျဆင်းသွားပြီဖြစ်သော်လည်း မြေနိမ့်သည့်နေရာများတွင် တင်ကျန်ခဲ့သည့်ရေများနှင့် ရွံဗွက်များကြောင့် ခြင်ပေါက်ဖွားမှုပိုမိုများပြားလာကာ လူကြီး၊လူငယ်များနှင့် သက်ကြီးရွယ်အိုများပါမကျန် ရာသီတုတ်ကွေး၊ သွေးလွန်တုတ်ကွေး၊ဖျားနာ၊ နှာစေး၊ ချောင်းဆိုး၊ အအေးမိရောဂါများ ပို၍ဖြစ်ပွားလာနေကြသည်ဟု ဒေသခံများကပြောသည်။
ပုံ -မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ရှောင်စခန်းအား ၂၀၂၃ ခုနှစ်၊မိုးရာသီတွင်တွေ့၇စဥ်။