အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မောင်တောမြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန် စစ်တပ်နှင့် နယ်ခြားစောင့်အကြား သဘောထားကွဲပြီး နယ်ခြားစောင့် တပ်အချို့ AAဖက်သို့ ထွက်ပြေးခိုလှုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

(စစ်တပ်မှ လိုက်လံပစ်ခတ်၍ နယ်ခြားစောင့်အချို့ကျဆုံးမှုရှိဟုဆို)

နောင်မင်းသူ၊ နိရဉ္စရာ၊ဩဂုတ် ၈ /၂၀၂၄

အာရက္ခတပ်တော် (AA) ၏ ရခိုင်ပြည်အနောက်ဘက် နယ်စပ် မောင်တောမြို့ သိမ်းတိုက်ပွဲမှာ ပြင်းထန်နေပြီး ထိုအတောအတွင်း မောင်တောမြို့တွင် နေရာယူထားကြသည့် စစ်တပ်နှင့် နယ်ခြားစောင့်တပ်များ သဘောထားကွဲပြီး  ခိုက်ရန်ဖြစ်ပွားကြရာမှ AA ထံ ထွက်ပြေးခိုလှုံမှုများ ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ဩဂုတ်လ ၈ ရက်နေ့လယ်ပိုင်း၌ မောင်တောမြို့ဦးရွာ၌စခန်းချနေရာယူထားကြသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ  AA တပ်ဖွဲ့ထံ လက်နက်ချရန် ပြင်ဆင်နေကြစဉ် စစ်တပ်ရောက်ရှိလာပြီး ပစ်သတ်ရန် ပြုလုပ်လာသဖြင့် တပ်ဖွဲ့နှစ်ခုအကြား ဆက်ဆံရေးတင်းမာနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"နယ်ခြားစောင့်တွေ စစ်မတိုက်ချင်ကြတော့ဘူး။ စစ်တပ်က‌အတင်းတိုက်ခိုင်းတာလို့ သိရတယ်။ နှစ်ဖက် တိုက်ပွဲကြားမှာ ဆက်ဆံရေး အဆင်မပြေကြဘူးလို့ သိရတယ်။ ခုလို ဖြစ်နေကြတဲ့ အချိန်မှာ လေကြောင်းနဲ့ လာပြီး ဗုံးချတယ်။ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်သံတွေ ဆက်တိုက်ကြားရတယ်။ နောက်ဆက်တွဲ ဘာတွေဖြစ်နေတယ်ဆိုတာ အတိအကျ မသိရတော့ဘူး " ဟု ၎င်းက ပြောသည်။

ဩဂုတ်လ ၅ ရက်နေ့ကလည်း အထက(၂)တွင် တာဝန်ကျနေသည့် နယ်ခြားစောင့် ၃၀ ကျော်မှ  စစ်တပ်မှ ဖမ်းဆီးထားသည့် ဒေသခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးအား လွှတ်ပေးခဲ့ကြပြီး အာရက္ခတပ်တော်ဖက်သို့ လက်နက်များနှင့် ထွက်ပြေးခဲ့ကြစဉ် စစ်တပ်မှ လိုက်လံ ပစ်ခတ်သဖြင့်  နယ်ခြားစောင့်အချို့ သေဆုံးမှုရှိခဲ့သည်ဟု​ ဒေသခံများက ပြောဆိုသည်။

"အဲဒီနေ့ မတိုင်မီ တစ်ရက် က မီးစက်ခွဆုံ( လမ်းဆုံ) နာရီစင်အနီးမှာ နယ်ခြားစောင့်တစ်ဦးနဲ့ စစ်သားတစ်ဦး ရန်ဖြစ်ကြတယ်။ အပြန်အလှန် သတ်ပုတ်ခဲ့ကြတယ်။ နောက်တစ်နေ့မှာ ဖမ်းထားတဲ့ သူတွေကို လွတ်ပေးပြီး နယ်ခြားစောင့် ၃၀ ကျော်လောက် တေဘာကားနဲ AAဖက်ကို ထွက်ပြေး ကြတယ်။ စစ်တပ်က လိုက်ပစ်လို့ နယ်ခြားစောင့်အချို့ ကျဆုံးသွားခဲ့ရတယ်လို့ တော့ ကြားသိရတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားအတူ ဩဂုတ်လ ‌၆ ရက်တွင်လည်း နယ်ခြားစောင့်တပ်သားများ ကားတစ်စီး AA ဖက်သို့ ထွက်ပြေး ခိုလှုံမှုရှိခဲ့သည်ဟု ဒေသခံများ ပြောဆိုသည်။

မောင်တောမြို့တွင် စစ်တပ်မှ မွတ်ဆလင်လက် နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ARSA/RSO/ARA စသည့် လက်နက်ကိုင်တပ်ဖွဲများနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်စစ်သားများအား အာဏာလုပ်ပိုင်ခွင့် ပေးပြီး မြို့တွင်း၌ သေနတ်ကိုင်ဆောင်သွားလာကာ အပြစ်မဲ့ အရပ်သား ဒေသခံများအား စစ်ဆေး ဖမ်းဆီးမှုများ၊ ဓားပြတိုက်လုယက်မှုများ ဖြစ်ပွားလာပြီးနောက် စစ်တပ်နှင့် နယ်ခြားစောင့်တပ်များ အကြား  စိတ်ဝမ်းကွဲပြားမူများ ဖြစ်ပေါ်နေသည်ဟု နယ်ခြားစောင့်တပ်နှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိသည့် ဒေသခံများက ပြောဆိုသည်။

လက်ရှိ မောင်တောတိုက်ပွဲမှာ ပြင်းထန်နေပြီး မောင်တောမြို့ထဲမှ အရေးကြီးသော နေရာအချို့အား အာရက္ခတပ်တော်မှ သိမ်းပိုက်ထားပြီး များမကြာမီ မောင်တောမြို့တစ်ခုလုံးကို သိမ်းပိုက်ရရှိရန် အလားအလာရှိနေသည်ဟု ဒေသခံများက ပြောကြားကြသည်။(ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ