အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

သံတွဲမြို့နယ်မှ ဂွမြို့နယ်မြောက်ပိုင်းသို့ AA ထိုးဖောက်ဝင်ရောက်လာသည့် သတင်းကြောင့် စစ်ကောင်စီ စစ်ကြောင်းထိုး (ဒေသခံများကြောက်လန့်ထွက်ပြေး)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

မင်းသျှင်စော ၊နိရဉ္စရာ၊သြဂုတ်၊၉/ ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်မြောက်ပိုင်းသို့ သံတွဲဘက်ကနေ အာရက္ခတပ်တော် (AA) ထိုးဖောက် ဝင်ရောက်လာသည့် သတင်းများကြောင့် စစ်ကောင်စီ စစ်ကြောင်းထိုးလာ၍ ဒေသခံများ ကြောက်လန့် ထွက်ပြေးနေ​ကြသည်ဟု သတင်းရရှိသည်။

သြဂုတ် ၈ရက် ညနေ ၅ နာရီအချိန်ခန့်တွင် ရွာသစ်ကုန်းကျေးရွာဖက်မှ အင်အား ၅၀ ခန့်ရှိသည့်   စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် ညောင်ချောင်းကျေးရွာကို ရောက်ရှိလာပြီးနောက် ဒေသခံများ ထွက်ပြေးနေကြရသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

" သူတို့ဟာ ရွာသစ်ကုန်းကျေးရွာမှာ နေတဲ့ စစ်ကြောင်းက အင်အားက ၅၀ခန့်ရှိမယ်ထင်ပါတယ်။ အခု ညောင်ချောင်း ကျေးရွာကို ရောက်ရှိပြီး  ဘုန်းတော်ကြီးကျောင်း၌ စခန်းချနေကြတယ်။ ရွာက လူငယ် တွေလည်း သူတို့ဝင်လာကတည်းက တိမ်းရှောင်နေကြတယ်။ ဘာကြောင့်လည်းဆိုတော့  ဒီရက်ပိုင်းတွေမှာ လူတွေဖမ်းတယ်။ ပြန်မလွှတ်ဘူး။ အနားက ရွာတွေကလူတွေလည်း ကြောက်လို့ ပြေးကုန်ပြီ" ဟု ပြောဆိုသည်။

ဂွမြို့နှင့် မြောက်ဘက်  ၁၀ မိုင်အကွာသံတွဲ- ဂွ ကားလမ်းပေါ်တွင် တည်ရှိသည့်  ညောင်ချောင်း ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းလာရခြင်းမှာ အာရက္ခတပ်တော်မှတပ်ဖွဲ့ဝင်များ ကျေးရွာ အနီးအနားမှာရှိသည့် အထင်နှင့် ရောက်လာရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

"သူတို့လာကတည်းက လမ်းမှာတွေ့တဲ့ လူတွေကို ခေါ်ယူပြီး စစ်ဆေးတယ်။ တစ်ချို့ကို သူတို့နဲ့ အတူ ခေါ်သွားတယ်။ ဘာလုပ်မလဲ မသိဘူး။ ရွာမှာလည်း တအားကြောက်လို့ နေပြီ။ သူတို့မှာက ဖုန်းပြောရင် ကြားဖြတ် နားထောင်လို့ရတဲ့ အသံဖမ်းစက်လည်းပါတယ်လို့ သိရပါတယ်။ လူတိုင်း ကြောက်ကြတာပေါ့" ဟုပြောသည်။

အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ ဂွမြို့နယ်သို့ ထိုးဖောက်ဝင်ရောက်လာသည့် သတင်းအပေါ် နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါ။

သြဂုတ်၊၇ ရက်နေ့က ဂွမြို့နယ် သဲကုန်းတောင်ကြောကို လက်နက်ကြီးနှင့် နေဗီက ပစ်ခတ်ခဲ့ပြီး သြဂုတ်၈ ရက်နေ့မှာလည်း လေယာဉ်ဖြင့် ဗုံးလာကြဲ၍ ညောင်ပင်ကွင်းကျေးရွာနှင့်  စေတီကွင်း ကျေးရွာတို့မှ ၂ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်။ 

ဂွမြို့နယ်တွင် စစ်ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှာ ရည်ရွယ်ချက်ရှိရှိဖြင့် ကျေးရွာတွေကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်နှင့် ဗုံးကြဲခြင်းနှင့် စစ်ကြောင်းထိုးခြင်းများကို  ယခုလတွင် ပို၍ လုပ်ဆောင်လာသဖြင့် ဒေသခံပြည်သူများမှာ ဘေးလွှတ်ရာနေရာသို့ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သိရသည်။

ဓာတ်ပုံ- ဂွမြို့နယ် စစ်ဆေးမှုများ (ပုံဟောင်း/IPD)

ဆက်စပ် သတင်းများ