အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြေပုံမြို့နယ်တွင် တောင်ကျရေစီးဆင်းသည့် ချောင်းပိတ်ဆို့ထားရ၍ လယ်ဧက ၅၀၀ ကျော် ရေနစ်မြုပ်ပျက်စီးနေဟု ဒေသခံများပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 495

မောင်စာဂ၊ နိရဉ္စရာ၊ သြဂုတ် ၈/၂၀၂၄

ရခိုင်ပြည်၊ မြေပုံမြို့နယ်တွင် တောင်ကျရေ စီးဆင်းနေသည့်ချောင်းအား လူတချို့ကပိတ်ဆို့ ထားရ၍ ကျေးရွာနှစ်ရွာပေါင်းမှ လယ်ဧက ၅၀၀ ကျော် ရေနစ်မြုပ်ပျက်စီးနေသည်ဟု လယ်သမားများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မြေပုံမြို့နယ်၊ ဂြန့်ဟင်းခါးကျေးရွာတွင် လယ်ဧက ၃၅၀ ကျော်နှင့် ကပိုင်ချောင်းရွာတွင် ဧက ၂၀၀ ကျော်ရေနစ်မြုပ်ပျက်စီးနေခြင်းဖြစ်သည်ဟု သိရသည်။

ဂြန့်ဟင်းခါးကျေးရွာသို့စီးဝင်နေသော ပိုက်ဆစ်ချောင်း(ခေါ်)ဂြန့်ဟင်းခါးချောင်းကို ကြာအင်းတောင်ကျေးရွာမှ လူတစ်စုက ကြာအင်းတောင်နှင့် ရှောက်ခြုံရွာကြားတွင် ငါးထောင်၊ ငါးဖမ်းရန်အတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်ကာ ပိတ်ဆို့ထားသည်ဟု သိရသည်။

ယင်းသို့ ချောင်းကိုပိတ်ဆို့လိုက်၍  ချောင်း၏အထက်ပိုင်းရှိ လယ်ယာမြေများသည် မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းပါက တောင်ကျရေများ ချောင်းထဲသို့မစီးဆင်းနိုင်တော့ဘဲ ရေနစ်မြုပ်နေကြရသည်ဟု လယ်သမားများက နိရဥ္စရာကို ပြောသည်။




ဂြန့်ဟင်းခါးကျေးရွာမှ လယ်သမားတစ်ဦးက "ကျနော်တို့ကွင်းအပေါ်ကဆိုရင် တောင်တန်း ရှိတယ်လေ။ တောင်တန်းကဆင်းတဲ့ ရေတွေမှာ အကုန်လုံး ရွှံ့နစ်တွေ၊ နွံနစ်တွေ၊ ကျောက်တွေလည်း ပါပါတယ် အဲဒီရေနဲ့။ အဲဒီရေတွေဟာ အားလုံး စပါးတွေကို လွှမ်းမိုးပစ် လိုက်တယ်။ ဆိုတော့ စပါးတွေက တစ်ရက်မဟုတ်၊ နှစ်ရက်မဟုတ် ဆယ်ကိုးရက်  လဝက်လောက် အထိမြုပ်နေတော့ စပါးတွေအကုန် ပျော်ကျပျက်စီးသွားပါတယ်"ဟု ပြောသည်။

ယင်းချောင်းအနီးတွင် ရွာအချို့ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော်လည်း ဂြန့်ဟင်းခါးနှင့် ကပိုင်ချောင်းနှစ်ရွာမှလယ်ယာမြေများ အဓိကနစ်မြုပ်ပျက်စီးနေကြခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။

ကပိုင်ချောင်းရွာမှလယ်သမားတစ်ဦးက "အဲဒီကြာအင်းတောင်ဘက်ကလာနေတဲ့ရေဟာ နည်းနည်းနောနောလျှံနေတာမဟုတ်ဘူး ကြဲထားတဲ့စပါးတွေလည်းပျက်၊ ရေမြုပ်နေလို့ မထွန်ရတဲ့သူတွေလည်း မထွန်ရသေးဘူး။ ခုထိ ရေပြည့်နေတုန်းပဲ။ အမှန်က အဲဒီချောင်းကို အဲလိုပိတ်ဆည်လို့မရဘူးလေ။ အဲဒီချောင်းကိုပိတ်ဆည်လိုက်ရင် ကျနော်တို့ရွာသားတွေ ထမင်းငတ်သွားမဲ့ အနေအထားဖြစ်နေပါတယ်"ဟု ပြောသည်။

အဆိုပါလယ်ယာမြေများအတွင်း ပြည့်လျှံနေသည့်ရေများမှာ ထွက်ပေါက်မရှိ၍ ဇူလိုင်လ လလယ်မှစတင်ကာ ယခုထိ ပြည့်လျှံနေခြင်းဖြစ်ပြီး စိုက်ပျိုးထားပြီးစ စပါးများနှင့် စပါးပင်ငယ်များ ရေနစ်မြုပ်ပျက်စီးသွားပြီဟု သူက ဆက်ပြောသည်။



"မိုးသည်းလို့ မြုပ်တာမဟုတ်ဘူး။ မိုးသည်းလို့မြုပ်ရင်လည်း ၃ ရက်ပဲပေါ့။ ၃ ရက်နေရင် ပြန်ခမ်းသွားတယ်။ အခုက ဝါဝင်တဲ့နေ့ကနေ အခုထိမြုပ်နေတုန်းပါ"ဟု ဆိုသည်။

အဆိုပါချောင်းအား ပြီးခဲ့သည့်နှစ်ကပင် ပိတ်ဆို့လိုက်၍ လယ်သမားများတွင်လည်း ယင်းနှစ်ကပင် လယ်ယာစပါးခင်းများ ရေလွှမ်းပျက်စီးနေခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။

ယင်းနှစ်မှစတင်ကာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ထံ ချောင်းကို မပိတ်ဆို့မီကတစ်ကြိမ်နှင့် ယခုနှစ်၊ ဇွန်လတွင်တစ်ကြိမ် လယ်သမားများစုပေါင်း၍ စာတင်တိုင်ကြားခဲ့သော်လည်း ယနေ့ထိ စစ်ဆေးဆောင်ရွက်ပေးခြင်းမရှိသေးု ပြောသည်။

ဂြန့်ဟင်းခါးကျေးရွာမှ လယ်သမားက "ကျနော်တို့လည်း ဘယ်သူ့ကိုအားကိုးရမှန်းတောင် မသိဖြစ်နေပါတယ်။ တပ်တော်တာဝန်ရှိသူတွေ ကိုယ်တိုင်လာရောက်စစ်ဆေးပေးဖို့ လည်း ထပ်ပြီး မေတ္တာရပ်ခံပါတယ်။ ကျေးဇူးပြုလို့ ကျနော်တို့ကို ကူညီပေးကြပါ။ အရမ်းကြီး ဘဝအခက်အခဲ၊ စားဝတ်နေရေးအတွက် အရမ်းအခက်အခဲဖြစ်မယ် ကျနော်တို့ရွာသားလာမဲ့ နှစ်မှာ။ စပါးတစ်ပင်မှမရှိဘူး"ဟု ပြောသည်။

အဆိုပါချောင်းသည် လေးမြို့မြစ်၏ မြစ်လက်တက်တစ်ခုအဖြစ် စီးဝင်နေသည့် ချောင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လယ်ယာမြေများ ရေနစ်မြုပ်နေသည့် ဂြန့်ဟင်းခါးကျေးရွာတွင် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး လူဦးရေ ၆၀၀ ကျော်ရှိသည်။

အလားတူ ကပိုင်ချောင်းရွာတွင်လည်း အိမ်ခြေ ၁၇၀ ရှိပြီး လူဦးရေ ၆၀၀ ကျော်ရှိသည်။

အဆိုပါကျေးရွာနှစ်ရွာသည် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ဆောင်းသီးနှံ စိုက်ပျိုးခြင်းကိုလည်း လုပ်ကိုင်ကြသည်ဟု ဒေသခံများက ပြောသည်။

ယခင် အစိုးရအဆက်ဆက်ခေတ်ကလည်း အဆိုပါ ချောင်းကို ၂ ကြိမ်တိုင်တိုင် ပိတ်ဆို့ထား၍ ရွာသားများတိုင်ကြားရာမှ ချောင်းကို ပြန်ဖွင့်ပေးခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

 

 

ဓာတ်ပုံ - တောင်ကျရေများ လွှမ်းမိုးခံနေရသည့် လယ်ယာမြေများနှင့် ချောင်းကိုပိတ်ဆည်ထားမှုအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ