စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

မောင်တောမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေရာ ၅ခုမှ သေနတ်သံများကြားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

( စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် ၁၀ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက် )

နောင်မင်းသူ၊ နိရဉ္စရာ၊ ဩဂုတ် ၉ /၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး နခခ(၅) အပါအဝင် နေရာ(၅) ခုမှ သေနတ်သံများကို ဆက်တိုက်ကြားနေရပြီး လေယာဉ်များဖြင့် ဗုံးကြဲချသံကို ၁၀ ကြိမ်ခန့်အထိ ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

မောင်တော၌ ပိတ်မိနေပြီးနေရာတစ်ခုတွင် ခိုလှုံနေသည့် ဒေသခံဟိန္ဒူတစ်ဦးက "ဒီနေ့မနက် အစောကြီး ည ၂ နာရီ‌ကျော်ကနေ ၃ နာရီကျော်အထိ ဂျက်တိုက်လေယာဉ်တွေနဲ့ မြို့ပတ်လည်ကို ဗုံးအလုံး ၂၀ လောက်ကြဲချခဲ့တယ်။ လေယာဉ်သံကြားတာနဲ့ ကလေးတွေ ထငိုကြတယ်။ ခွေးတွေဝင်ပြေးကြတယ်။ အ‌ဆောက်အအုံတွေပြိုကျမတတ် တုန်ခါသွားတယ်။ ကျွန်တော်တို့ခိုလှုံနေတဲ့စာသင်ကျောင်းမှာ လူ ၃၀၀ လောက်ရှိတယ်။ လူတွေက တိုက်ပွဲ ဖြစ်နေတော့ တစ်ညလုံးမအိပ်ကြရဘူး။ ဝပ်နေကြရတယ်။ အခုမနက် ၆ နာရီနဲ့ ၇ နာရီမှာလည်း ဂျက်တိုက်လေယာဉ်‌တွေလာပြီး ဗုံးကြဲနေတယ်"ဟု ပြောသည်။

မောင်တောမြို့ပတ်လည်အား စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် ယနေ့ ဩဂုတ်လ ၉ ရက်၊ မနက် ၆ နာရီကလည်း ဗုံးကြဲချနေသည်ဟု ၎င်းက ဆက်ပြောသည်။ ,

" ဒီကနေ့ နံနက် အစောကြီး ည ၂ နာရီ ၅၀ မိနစ်၌ တစ်ကြိမ်၊ ၃ နာရီ ၇ မိနစ်မှာ တစ်ကြိမ်၊ ၃ နာရီ ၁၂ မိနစ်မှာ တစ်ကြိမ် ဗုံးအလုံး ၂၀ ခန့် ကြဲချခဲ့ပါတယ်။ အလွန်ကြောက်စရာကောင်းပါတယ်" ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့ ဩဂုတ်လဂုတ်လ ၈ ရက်တွင်လည်း စစ်ကောင်စီက မောင်တောမြို့ကို ဂျက်တိုက် လေယာဉ်များဖြင့် မနက် ၁၁ နာရီ(ခွဲ)တွင် တစ်ကြိမ်၊ နေ့လယ် ၃ နာရီကျော်၌ တစ်ကြိမ်၊ ညနေ ၅ နာရီ(ခွဲ)၌ တစ်ကြိမ်ဗုံးအလုံး ၁၀ ကျော်ခန့် ကြဲချခုခံနေခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

ထိုအတူ ဩဂုတ်လ ၇ ရက်၊ ညနေ ၅ နာရီခန့်၌လည်းဂျက်တိုက်လေယာဉ်ဖြင့် မြို့အား ဗုံး ၄ လုံးကြဲချခဲ့ကြောင်း‌ ဒေသခံများထံမှ သိရသည်။

အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် နခခ (၅) မကျရန် အပြင်းအထန် ခုခံကာကွယ်နေသည်ဟုလည်း တစ်ခြား မောင်တော ဒေသခံတစ်ဦးက ပြောသည်။

"စစ်မျက်နှာ ၅ ခုလုံးမှာ တိုက်ပွဲက သြဂုတ်လ ၈ ရက်နေ့ တစ်နေ့လုံး နေ့ရောညပါ အလွန် ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြတယ်။ သြဂုတ်လ ‌၉ ရက် ဒီနေ့မှာလည်း ဆက်လက် ဖြစ်နေကြတယ်။ စစ်ကောင်စီဖက်ကအတော်လေး အထိနာအကျဆုံးများနေတယ်လို့ သိရတယ်။ နခခ(၅)လည်း ကျနိုင်တဲ့အခြေအနေမှာရှိလာနေတယ်လို့လည်း သိရတယ်။ စစ်ကောင်စီကလေကြောင်းနဲ့ အပြင်းအထန်ခုခံကာကွယ်နေတယ်"ဟု မောင်တော ဒေသခံတစ်ဦးက ပြောဆိုသည်။

နခခ(၅)အား အာရက္ခတပ်တော် (AA)က မောင်တောမြို့ပေါ်နှင့် နခခ (၅)အား  စစ်မျက်နှာ ၅ ခုမှ ထိုးစစ်ဆင် တိုက်ခိုက်နေပုံရပြီး အပြန်အလှန် သေနတ်ပစ်ခတ်သံများကို နေရော(၅) ခုမှ ကြားခဲ့ရသည်ဟု ပြောဆိုသည်။

စစ်ကောင်စီဘက်က နခခ(၅)တပ်ရင်းနှင့် မောင်တောမြို့ မကျစေရန် ဂျက်တိုက် လေယာဉ်များဖြင့် အပြင်းအထန်ဗုံးကြဲချပြီး ခုခံကာကွယ်လျက်ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

မောင်တောမြို့နှင့် နခခ(၅)တပ်ရင်းအား ဩဂုတ်လ ၃ ရက်နေ့မှစပြီး AA ဘက်က ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ