သဉ္ဇာနွယ်
နိရဉ္စရာ၊ ဩဂုတ် ၉/၂၀၂၄
ရခိုင်ပြည်၊မောင်တောမြို့နယ်တွင် မွတ်ဆလင်တစ်ဦးသည် စစ်ရှောင်ရန်သွားစဥ် မိုင်းနင်းမိ၍ခြေထောက်ပြတ်သွားကြောင်း သတင်းရရှိသည်။
မိုင်းနင်းမိသူမှာမောင်တောမြို့၊ လသာရပ်ကွက်မှ ဦးအဒူလာ(၄၀ )နှစ်ခန့်ဖြစ်သည်။
သူသည်လသာရပ်ကွက်မှ နောက်ထပ်မွတ်ဆလင်များနှင့်အတူ ဩဂုတ် ရ ရက်တွင် အာရက္ခတပ်တော်(AA)က မြို့တွင်းမှကယ်ထုတ်လာစဥ် ကျေးရွာတစ်ခု၏ခြံတစ်ခုအတွင်း ဝင်ရောက် အပေါ့စွန့်ရာမှ မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
မောင်တောဒေသခံမွတ်ဆလင်တစ်ဦးက "သူက ထွက်ပြေးလာရင်းနဲ့ လမ်းခုလတ်တစ်နေရာမှာ တွေ့တဲ့ခြံတစ်ခြံထဲကို ဝင်သွားပြီး အပေါ့ဘာညာသွားဖို့ လုပ်တဲ့အချိန်မှာ မိုင်းကိုနင်းမိတာပါ။ ညာဖက်ခြေထောက်ပြတ်သွားတယ်။ တစ်ကိုယ်လုံးအနှံ့အပြားဒဏ်ရာ၇တယ်"ဟုပြောသည်။
မောင်တောမြို့တွင်းပိတ်မိနေသည့်ဒေသခံထောင်နှင့်ချီကို AAက ကယ်ထုတ်လာစဉ်လမ်းခုလတ်တွင် ယခုလို မိုင်းနင်းသွားခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်ဟုနောက်ထပ်မောင်တောဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"AA က မြို့ထဲပိတ်မိနေတဲ့ဒေသခံမွတ်ဆလင်တွေကိုအန္တရာယ်ကြားက ကယ်ထုတ်ပေးနေတာပါ။ အခုလိုဖြစ်သွားတာကြားရတော့စိတ်မကောင်းဘူးပေါ့နော်။ မိုင်းနဲ့ပတ်သက်ရင် ဆင်ခြင်ဖို့လိုပါတယ်" ဟုပြောသည်။
ပြီးခဲ့သည့်ဩဂုတ် ၃ ရက်ကလည်း မောင်တောမြို့နယ်၊ ရွာသာယာကျေးရွာမှ ကံပြင်သာစည်ကျေးရွာတွင် စစ်ဘေးရှောင်နေသည့်အမျိုးသားတစ်ဦးသည်လည်း ဒညင်းသီး ခူးရန်သွားစဥ် စစ်ကောင်စီတပ်က ထောင်ထားခဲ့သည့်မိုင်းကို နင်းမိ၍ ခြေထောက်ပြတ်သွားခဲ့ရကြောင်း သိ၇သည်။
မောင်တောမြို့ထဲတွင်စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ်ခေါ်ယူထားသော ပြည်သူလူထုများနှင့်မောင်တောမြို့အတွင်း ပိတ်မိနေကြသော ပြည်သူလူထုများကို အသုတ်လိုက်၊ အသုတ်လိုက်ဘေးလွတ်ရာသို့ ရွေ့ပြောင်းကယ်တင်ခြင်းများကို ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း AA က ယမန်နေ့ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်သည်။
ဓာတ်ပုံ -မောင်တောမြို့၊ လသာရွာမှ မွတ်ဆလင်များအား AA က ကယ်ထုတ်စဥ်။