အင်္ဂါ၊ အောက်တိုဘာလ ၈ရက်၊ ၂၀၂၄

မောင်တောမြို့အား AA မှ ဝင်စီးပြီး ပိတ်မိနေသည့် သောင်းချီရှိသည့် ပြည်သူများအားမြို့ထဲကနေကယ်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဩဂုတ် ၉ /၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့တွင်းအား အာရက္ခတပ်တော်က ဝင်စီးပြီး ပိတ်မိနေကြသည့် ဒေသခံ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူစသည့် သောင်းချီရှိနေသော ပြည်သူများကို အာရက္ခတပ်တော်(AA) က ကယ်ထုတ်နေကြောင်း ကယ်ထုတ်ခံနေရသူများက ပြောသည်။

အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များသည် ယနေ့ ဩဂုတ်လ ၉ ရက် နံနက်တွင်လည်း ဒေသခံပြည်သူများကို ကယ်ထုတ်ခဲ့သည်ဟု  မောင်တော၌ပိတ်မိပြီး AA ကယ်ထုတ်ရာတွင် ပါလာသည့်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။ 

"ဒီနေ့မနက်မှာ မောင်တောမြို့ကို AA ဘက်ကဝင်စီးလိုက်ပြီ။ မောင်တောမှာပိတ်မိနေတဲ့ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူမိသားစုသောင်းနဲ့ချီပြီး AA ဘက်ကကယ်ထုတ်ပေးခဲ့ကြတယ်။ တိုက်ပွဲက ပြင်းထန်နေတယ်။ လေကြောင်းနဲ့ဆက်ပြီးဗုံးကြဲနေတယ်"ဟု ၎င်းက ပြောဆိုသည်။

မောင်တောမြို့နှင့် နခခ(၅)အား AA က စစ်မျက်နှာ ၅ ခုအထိဖွင့်လှစ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေကာ လက်ရှိတွင် မြို့တွင်းအထိ စီးနင်းဝင်‌ရောက်လျက်ရှိနေကြပြီဖြစ်သည်။

မြို့သိမ်းတိုက်ပွဲများမှာလည်း အလွန်ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေကြကြောင်း ဒေသံများထံမှ သိရသည်။



ကယ်ထုတ်ခံလာရသည့် ဒေသခံမွတ်ဆလင်တစ်ဦးကလည်း "မြို့မှာဘယ်လိုမှ နေလို့ မရတော့ပါဘူး။ AA က မြို့ကိုသိမ်းတော့မယ်။ နယ်ခြားစောင့်တွေ ရာချီပြီး မြို့တွင်းက  လူနေအိမ်တွေကိုဝင်လာကြတယ်။ နယ်ခြားစောင့်တွေကတော့ပြောပါတယ်။ ကျွန်တော်တို့ ဘာမှမလုပ်ဘူး။ နေလို့ရပါတယ်တဲ့။ ဒါပေမဲ့ AA ဘက်က မြို့ထဲကို ဝင်လာနေကြပြီ။ တိုက်ပွဲ ဖြစ်လာရင် ကြားညှပ်သွားကြမယ်။ အဲ့ဒါကြောင့် မြို့က ထွက်ပြေးလာကြရတယ်။ AA ဘက်က ရဲဘော်တွေလည်း အကူအညီပေးကြပါတယ်။ လမ်းမလျှောက်နိုင်တဲ့ လူအိုတွေ၊ နေထိုင် မကောင်းသူတွေကို ဆိုင်ကယ်တွေနဲ့လိုက်ပို့ကြတယ်။ မသယ်ယူနိုင်တော့တဲ့အိတ်တွေကို ကူညီပြီးသယ်ပေးကြပါတယ်"ဟု ပြောဆိုသည်။

မောင်တောမြို့နှင့် နခခ(၅)တပ်ရင်းအား ဩဂုတ်လ ၃ ရက်မှစပြီး AA ဘက်က ထိုးစစ်အရှိန် မြှင့်တိုက်ခိုက်လာနေတာဖြစ်သည်။

ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တိုက်ပွဲတို့မှာ အလွန်ပြင်းထန်ပြီး စစ်ကောင်စီဘက်ကလည်း နခခ(၅)တပ်ရင်းနှင့် မြို့မကျ‌စေရန် ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန် ဗုံးကြဲ ခုခံကာကွယ်လျက်ရှိနေကြသည်။

ဓာတ်ပုံ - မောင်တောမြို့တွင်းပိတ်မိပြည်သူများကို AA က သြဂုတ် ၉ ရက်တွင် ကယ်ထုတ်ပေးခဲ့စဉ်။

ဆက်စပ် သတင်းများ