ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဧရာဝတီ-ရခိုင် ကားလမ်းပေါ်တွင် AA သံသယဖြင့် ခရီးသွားလူငယ်များကို အတင်းအကျပ် စစ်ဆေးမှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

စောရှင်မေ၊ နိရဉ္စရာ၊ ဩဂုတ် ၁၀/၂၀၂၄

အာရက္ခတပ်တော် (AA) က ဧရာဝတီတိုင်းသို့ ဝင်ရောက်လာမည်ဆိုသည့် ကောလာဟလ ပျံ့နှံ့နေသည့် သတင်းများကြောင့် ဧရာ၀တီတိုင်းနှင့် ရခိုင်ပြည်အကြား ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် စစ်ကောင်စီ တပ်မှ စစ်တပ်အရာရှိကြီးများကိုယ်တိုင် ခရီးသွား ပြည်သူများကို အာရက္ခတပ်တော် (AA) သံသယဖြင့် အတင်းအကျပ် စစ်ဆေးမှုများ ရှိနေသည်ဟု ခရီးသွားလာသူများက နိရဉ္စရာသို့ ပြောသည်။

ကိုယ်တိုင် စစ်ဆေးခံခဲ့ရသူ ဒေသခံခရီးသွားလာသူတစ်ဦးက  "လက်ဝါးဖြန့်ပြီး ကိုင်ကြည့်တယ်။ ပွတ်ကြည့်တယ်။ အသားမာတက်နေလားပေါ့။ ပုဆိုးတွေ၊ ဘောင်ဘီတွေကို လှန်ပြီး ဒူးခေါင်းတွေကို လှန်ကြည့်တယ်။ ပခုံးတွေကို ကြည့်တယ်။ အေအေ စစ်သင်တန်းဆင်း ထားတာလား။  အဲဒါကိုကြည့်တာနေမှာပေါ့။ အရာရှိတွေ ကိုယ်တိုင် စစ်တာလေ။ ဒီရက်ပိုင်းတွေ ပိုပြီးတော့ စစ်စစ်ပေါက်ပေါက်တွေ စစ်လာတယ်။ ရခိုင်ပြည်ကိုအဝင်တွေက ပိုအစစ် ခံရတယ်" ဟု ပြောသည်။

ထိုသို့ စစ်ဆေးရာတွင် အသက် ၂၀ ဝန်းကျင် မိန်းကလေးနှင့် ယောက်ျားလေးများအား အဓိကထား စစ်ဆေးသည်ဟု သိရသည်။

“ စစ်တာက ဒီလ ဩဂုတ်လဆန်းကတည်းက စစ်တာ။ တပ်ရင်းနံပတ်တော့ မသိဘူး။  ဧရာဝတီတိုင်းဘက်က အမြောက်တပ်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံခဲ့ရတာ။  လက်ဝါးပြင်၊ ဒူးခေါင်း၊ ပခုံးစသည့် ကိုယ်လက် အကုန်လုံးကို စစ်ဆေးတယ်” ဟု ပြောသည်။

ရခိုင်ပြည်သို့အဝင် အထွက် ခရီးသည်များ စစ်ဆေးရာတွင် မှတ်ပုံတင်၊ ထောက်ခံစာနှင့် ကိုယ်ခန္ဓာအနှံ့ စစ်ဆေးသည့်အပြင် တည်းခိုမည့်နေရာ၊ သွားရောက်မည့်နေရာ၊ သွားရောက်မည့်အကြောင်းတို့ကိုလည်း စစ်ကောင်စီ တပ်သားများက စစ်စစ်ပေါက်ပေါက် စစ်ဆေးမေးမြန်းကြောင်းလည်း သိရသည်။

နောက်ထပ်ဒေသခံခရီးသွားတစ်ဦးက "ရခိုင်ကို ဘာလုပ်ဖို့ ပြန်တာလဲ။ ဒီလောက်တိုက်ပွဲတွေ ဖြစ်နေတာလို့ မေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမေးခံရတာမတူဘူး။ ရခိုင်ကနေ ပြည်မဘက်ကို သွားတဲ့သူတွေကိုလည်း အကုန်မေးတာ။ ဘာလုပ်ဖို့လဲ။ ဘယ်သွားမလဲ။ ဘယ်မှာတည်းမလဲ။ လိပ်စာကအစ အကုန်ရေးမှတ်ထားလိုက်တာ"ဟု ပြောသည်။

ထိုသို့ စစ်ဆေးမေးမြန်းမှုရှိနေသော်လည်း လက်ရှိတွင် ခရီးသည်များအား အဖမ်းအဆီး တစ်စုံတရာ ရှိသည်ဟု မကြားရသေးကြောင်းလည်း ဒေသခံခရီးသွားများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင်လည်း သံတွဲမှတ်ပုံတင် သတန (နိုင်) ကိုင်ဆောင်သူများကို ရန်ကုန်နှင့် ဧရာ၀တီတိုင်းဘက်ကနေ သံတွဲမြို့သို့ ပြန်လည် ဝင်ရောက်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်အကြား လမ်းပေါ် ရှိ ရေနံ့သာလမ်းဆုံနှင့် ဂွတောင်ကြားလမ်း အဆင်း ရခိုင်ပြည်ဘက်ခြမ်းရှိ ဂွမြို့အဝင်စစ်ဆေးရေးဂိတ်များတွင် ထိုသို့ အဆင့်ဆင့် တင်းကျပ် ကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သံတွဲမြို့သည် ဂွမြို့၏ မြောက်ဘက်  မိုင် ၈၀ ကျော်အကွာတွင်တည်ရှိပြီး ဂွမြို့ကို ဖြတ်သန်းပြီးမှသာ သံတွဲမြို့သို့ ဆက်လက် သွားရောက်နိုင်မည်ဖြစ်သည်။

စစ်ကောင်စီသည် သံတွဲမှတ်ပုံတင်ကိုင်ဆောင်ထားသူများကိုသာ ရခိုင်ပြည်သို့ ပြန်ဝင်ခွင့် ကန့်သတ် ထားခြင်းဖြစ်ပြီး ဂွနှင့် ကျိန္တလီမှတ်ပုံတင်နှင့် အခြားဒေသ မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ထောက်ခံစာအဆင့်ဆင့်ဖြင့် ဝင်ထွက်ခွင့်ပြုထားကြောင်း သိရသည်။

ရခိုင်ပြည်တွင် ဖြစ်ပွားလာသည့် တိုက်ပွဲများသည် ဂွမြို့နယ်အထိ ကျယ်ပြန့်လာနေပြီး  ရခိုင်ပြည်တောင်ပိုင်းနှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းအတွင်းသို့ AA ဝင်ရောက်လာ မည်ကို စိုးရိမ်သောကြောင့် လုံခြုံရေးတိုးမြှင့်ထားပြီး ရခိုင်မှလူအဝင်အထွက်များအား တင်ကျပ်စွာ ပိတ်ဆို့ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ရခိုင်ပြည်တွင်း ခရီးသွားပြည်များအား စစ်ကောင်စီတပ်သားများက စစ်ဆေးရာတွင် တွေ့ရစဥ်။ (ပုံဟောင်း)

ဆက်စပ် သတင်းများ