စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

ကျိန္တလီမြို့အဝင် စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

မင်းသျှင်စော၊နိရဉ္စရာ၊သြဂုတ်၊၁၀/၂၀၂၄

ရခိုင်ပြည် တောင်ဘက် အစွန်ဆုံး၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အဝင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ ယနေ့ ညနေ ၃နာရီခန့်က စတင်ကာ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သတင်း ရရှိသည်။

ဒေသခံတစ်ဦးက  "ဒီနေ့ ညနေ ၃နာရီလောက်မှာစပြီး ပစ်ကြတာအသံတွေ ဆူသွားတာဘဲ။  တိုက်ပွဲကတော့ မရပ်ဘူး။ တအား ပြင်းတယ်။ ပြီးတော့ရွာနဲက နီးတော့ တစ်ရွာလုံးကြောက်ပြီး ပြေးကြတယ်။ တစ်ချို့က ကျည်ထိပြီး ဒဏ်ရာရတယ်။ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူး။ ကျိန္တလီမြို့ထဲကလည်း လက်နက်ကြီးနက်ပစ်ကြတယ်။ တစ်မြို့လုံးဆူညံနေတာဘဲ"ဟု နိရဉ္စရာကို အတည်ပြုပြောကြားသည်။

ကျိန္တလီမြို့ စစ်တပ် အဝင်ဂိတ်သည် သဖန်းကွင်းအနီးတွင် တည်ရှိပြီး စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် ( AA) က ထိုးစစ်ဆင်တိုက်ခိုက်ပုံရသည်ဟု ပြောဆိုသည်။

စစ်ကောင်စီသည် ကျိန္တလီမြို့ ဖားအောက်ကျောင်းတွင် အင်အား ၁၀၀ခန့်ချထားပြီး မြို့မကျောင်းတွင်  အင်အား ၇၀ ခန့်နှင့် လက်နက်ကြီးတပ်ဆင်ထားကာ လယ်တီတောင်ပေါ် ကျောင်းတွင်လည်း လက်နက်ကြီးတပ်ဆင်ကာ အေအေထိုးစစ်ကို ခုခံရန် စစ်ကောင်စီတပ်က အခိုင်အမာ ပြင်ဆင် တည်ဆောက်ထားသည်ဟု ဆိုသည်။ 

“ ကျန္တလီမြို့က သံတွဲမြို့တောင်ဘက် မိုင် (၄၀) အကွာ၊ ဂွမြို့ကနေဆိုရင် မြောက်ဘက် (၄၁) မိုင်အကွာမှာ တည်ရှိပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် သံတွဲမြို့ကနေ တောင်ဘက် မိုင် (၄၀) အထိ အေအေ ရောက်ရှိလာတဲ့ အခြေအနေမျိုးပါ။ နောက်ထပ် မိုင်အားဖြင့် ၄၁မိုင်ဆိုရင် ဂွမြို့ပေါ်ကို ရောက်လာမယ့် သဘောပါ”၎င်းက ဆက်ပြောသည်။

အာရက္ခတပ်တော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုသည့် တဖြည်းဖြည်းနှင့် ဂွမြို့သို့ နီးကပ်လာနေပြီ ဖြစ်သည်။

ဂွမြို့နယ် လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး “ ဂွမြို့မှာတော့ တပ်ရင်း ၅၆၂ နဲ့ ၅၆၃ ရှိပါတယ်။ တပ်ရင်းတွေမှာတော့ ဧရာ၀တီဘက်က သင်တန်းဆင်း စစ်သားတွေနဲ့ အင်အားဖြည့်တယ်။ ကျိန္တလီမြို့ဘက်မှာလည်း အင်အား ဖြည့်ထားတယ်လို့ သိရပါတယ်။ ဝန်ထမ်းတွေအများစုလည်း ဂွမှာရှိနေကြတုန်းပါ”လို့ လွန်ခဲ့သည့် ရက်အနည်းငယ်က ဒေသခံ တစ်ဦးက ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ရှုံးစစ်ကောင်စီတပ်သည် ဂွမြို့တွင်လည်း  လက်နက်ကြီးဖြင့်လည်းကောင်း၊ လေယာဉ်ဖြင့်လည်းကောင်း ပစ်ခတ်မှုများရှိနေပြီး သေဆုံးမှုများလည်း ရှိနေသည်။ 

သြဂုတ် ၈ ရက်၊ နံနက် အစောကြီး  ည ၂ နာရီခန့်က ကျိန္တလီမြို့နယ်နှင့် ၇ မိုင်ခန့်အကွာရှိ စေတီကွင်းကျေးရွာနှင့် ညောင်ပင်ကွင်းကျေးရွာကို လာရောက်ဗုံးကြဲခဲ့၍  သေဆုံးသူ ၂ ဦး ဒဏ်ရာရသူ (၅) ဦးအထိ ရှိခဲ့သည်။

သေဆုံးသူ ၂ ဦးမှာ ကိုမောင်မြင့်ထွန်း (၂၅) နှင့် ဒေါ်မလုံး (၅၈)နှစ်တို့ဖြစ်ကြပြီး ဒဏ်ရာရသူများ ဦးမောင်ပု (၄၅) နှစ်၊ ဦးဇော်သိန်းဦး (၃၈) နှစ်၊ မမေဇင်လှိုင်ဦး (၁၂) နှစ်၊  ဦးမောင်မောင်ဝင်း (၅၄) နှစ်နှင့်  သန်းသန်းအေး (၅၃) နှစ်တို့ဖြစ်ကြသည်။

ဆက်စပ် သတင်းများ