အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီက ကြည်း၊ရေ၊ လေဖြင့် အပြင်းအထန်ခုခံကာကွယ်နေသည့်ကြားက မောင်တောမြို့ပေါ်ရှိ အရေးပါသည့် စစ်ရေးနေရာများကို AA သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.5k

နောင်မင်းသူ၊ နိရဉ္စရာ၊ဩဂုတ် ၁၁ /၂၀၂၄

စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံ သုံးပြီး မောင်တောမြို့ကို အပြင်းအထန် ခုခံကာကွယ်နေသည့်ကြားက မောင်တောမြို့ပေါ်ရှိ စစ်ရေးအရ အရေးပါသည့် နေရာများအား အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု ဒေသခံများက ပြောသည်။

မြို့ခံတစ်ဦးက " မနေ့မနက်မှာ မောင်တောမြို့တွင်းနေရာတော်တော်များကို အေအေ ထိန်းချုပ်လိုက်ပါပြီ။ မြို့ကို ထိုးစစ်ဆင်‌နေတဲ့ စစ်မျက်နှာ ၅ ခုကနေ အေအေ တပ်ဖွဲ့တွေ မြို့တွင်းထဲကိုဝင်လာကြပြီး အရေးပါတဲ့ စစ်ရေးအရ အချက်အချာကျတဲ့  နေရာတွေကို ထိန်းချုပ်လိုက်ကြတာပါ။ မြို့တွင်းက အလယ်ရွာမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့ကြတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

တိုက်ရည်ခိုက်ရည် နိမ့်ကျနေပြီး စိတ်ဓာတ်ပျက်ပြားနေကြသည့်  စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်တို့သည် တိုက်ပွဲအတွင်း အကျအဆုံးများ‌စွာဖြင့် မောင်တော ဘုတ်ဆိပ် POE ဝင်/ထွက် စခန်းဘက်ကို နောက်ဆုတ်နေကြသည်ဟု ဆိုသည်။

“သင်တန်းဆင်းမွတ်ဆလင်တွေလည်း အများစု အရပ်ဝတ်တွေနဲ့ ထွက်ပြေးကုန်ပြီ။ မြို့ထဲမှာက အင်အားလည်း သိပ်မရှိတော့ဘူး။   ဂျက်တိုက်လေယာဉ်တွေ၊  Y-12 နဲ့ ဗုံးလာချ နေတာတွေတော့ ရှိနေသေးတယ်"ဟု ၎င်းက ဆက်ပြောသည်။

ဩဂုတ်လ ၁၀ ရက် နံနက်ကတည်းက တစ်မြို့လုံးနီးပါးကို AAက သိမ်းပိုက် ထိန်းချုပ် လိုက်ပြီးနောက်  မြို့ထဲတွင် ပိတ်မိသည့် ထောင်ပေါင်းများစွာသော ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူလူမျိုးများကို ဘေးလွှတ်ရာသို့ ကယ်ထုတ်ပေးခဲ့သည်ဟု သိရသည်။  

သို့သော်လည်း ဖေဇီ၊ အောက်ရွာ၊ ရပ်ကွက်(၂)စသည့် မွတ်ဆလင်ရွားများ၌ စစ်ကောင်စီ တပ်များနှင့် မွတ်ဆလင် လက်နက်ကိုင်တပ်ဖွဲ့များ ခိုလှုံလျက်ရှိနေကြ‌ပြီး ၎င်းတို့အား AA က လိုက်လံတိုက်ခိုက်နေရာမှ တိုက်ပွဲများ ဆက်လက် ပြင်းထန်‌စွာ ဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။

မောင်တောမြို့သို့ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဝင်ရန်ခေါ်ယူထားသည့် RSO၊ ARSA၊ ARA တပ်ဖွဲ့များနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်စစ်သားများမှာ အရပ်ဝတ်များဖြင့် ထွက်ပြေး သွားသူများရှိသလို မွတ်ဆလင်ရပ်ကွက်၊ကျေးရွာများအတွင်း ခြေရာဖျောက် ရောနှော ဝင်ရောက်နေထိုင်သူများလည်းရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးက "မောင်တောက ပိတ်မိနေတဲ့ ရခိုင်၊ ဟိန္ဒူနဲ့ မွတ်ဆလင်တွေကို ဓားပြတိုက်၊ လူသတ်မှု ကျူလွန်းခဲ့ကြတဲ့ အကြမ်းဖက် RSO၊ ARSA၊ARA အဖွဲ့တွေနဲ့ မွတ်ဆလင် စစ်သားတွေ လက်နက်‌တွေကိုလျှို့ဝှက်ထားပြီး လူဝတ်လဲထားကြတယ်။ ကျေးရွာတွေမှာ ခြေရာဖျောက်နေထိုင်နေကြတယ်။ ဒါတွေကို အေအေကို ထောက်ခံတဲ့ မွတ်ဆလင်တွေက ဖော်ထုတ်ပါလိမ့်မယ်။ ကျူးလွန်တဲ့သူတွေကို ထိုက်တန်တဲ့ အပြစ်တွေ ပေးရပါလိမ့်မယ်” ဟု ပြောဆိုသည်။

AA က ဩဂုတ်လ ၉ ရက်၌ မောင်တောမြို့တွင်းသို့ ဝင်ရောက်လာပြီး ပိတ်မိနေကြသည့် ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူစသည့်ဒေသခံပြည်သူသောင်းနှင့်ချီကို ကယ်ထုတ်ခဲ့ကြပြီးနောက် နောက်တစ်နေ့ ဩဂုတ် ၁၀ ရက်နေ့ နံနက်တွင် မြို့တွင်းတစ်ခုလုံးနီးပါးအား အေအေက  ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။

ပုံစာ- တိုက်ပွဲကြားက မောင်တောမြို့လယ်မြင်ကွင်း

ဆက်စပ် သတင်းများ